Entertainment

"ပုဂံမြို့သူ ဇာတ်လမ်းတွဲ ရိုက်ခဲ့တဲ့အတွက် ပုဂံက အမှတ်တရတွေ ရှိတယ်"လို့ မေမြင့်မိုရ် ပြော 

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ယူနက်စကို (UNESCO) မှ အသိအမှတ် ပြုလိုက်တဲ့အတွက် “ပုဂံမြို့သူ” ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ မေမြင့်မိုရ်က အတိုင်းမသိ ပျော်ရွှင်မိတယ်လို့ ပြောပါတယ်။

“ပုဂံ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းထဲ ဝင်သွားတဲ့အတွက် အရမ်းပျော်ပါတယ်။ အရင်ကတည်းက ဖြစ်စေချင်တဲ့ ဆန္ဒပါ။ အခုလိုမျိုး အသိအမှတ် ပြုခံရတဲ့အတွက် ပုဂံက ဘုရားနဲ့ စေတီပုထိုးတွေကို ထိန်းသိမ်းတဲ့အခါမှာ ပိုပြီး အကျိုးရှိသွားစေတယ်။ အတိုင်းမသိ ညီမ ပျော်ရွှင်မိပါတယ်။ ပုဂံနဲ့ ပတ်သက်ပြီးအမှတ်တရတွေက ပုဂံမြို့သူဇာတ်ကား ရိုက်ခဲ့တဲ့အတွက် အမှတ်တရ အကြီးကြီး ရှိပါတယ်။ ပုဂံမှာ အကြာကြီးနေပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ညီမရဲ့ ဘဝမှာ အမှတ်တရပါပဲ”

“မြန်မာပြည်က မြို့တွေထဲမှာ ပုဂံကို ညီမ အရမ်းချစ်တယ်။ တသက်လုံးနေလို့ ရရင်တောင် နေချင်တယ်။ ပုဂံ ရောက်သွားရင် စိတ်ထဲမှာ အလိုလို နွေးထွေးပြီး စိတ်အေးချမ်းသွားတယ်။ ပုဂံက ဘုရားတွေကို ကြည့်နေရတဲ့ ခံစားမှုလေးကို ညီမ သဘောကျတယ်။ အဲဒါကြောင့် ပုဂံကို ညီမ အရမ်းတန်ဖိုးထားပြီး မြတ်နိုးပါတယ်”လို့ မေမြင့်မိုရ်က ပြောပါတယ်။

သရုပ်ဆောင် မေမြင့်မိုရ်ကတော့ လတ်တလော Bo Bo Film Production ကနေ ထုတ်လုပ် ရိုက်ကူးမယ့် “ခေါ်သံ” ရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်သွားဖို့ ရှိပြီး အဲဒီရုပ်ရှင်နဲ့ ပတ်သက်ပြီးလည်း အခုလိုပဲ ပြောပါတယ်။

“ခေါ်သံ ဇာတ်ကားထဲမှာ မင်းသား ၅ ယောက်ပါပြီး ထူးခြားတာက Horror Comedy ဇာတ်ကားလေးပေါ့။ ညီမရဲ့ ကာရိုက်တာက တခါမှ မလုပ်ခဲ့ဖူုးတဲ့ ကာရိုက်တာဆိုတော့ ပရိသတ်တွေလည်း ညီမကို ထူးခြားတဲ့ကာရိုက်တာအနေနဲ့ အသစ်အဆန်းလေး မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားထဲမှာ တရွာလုံးက ယောကျ်ားလေးတွေ ကြောက်ရတဲ့ စွာတေးလန်တဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ရမှာပါ”

“ကိုယ့်ရဲ့ အပြင်ကာရိုက်တာနဲ့ မတူတဲ့အတွက် ကြိုးစားပြီး သရုပ်ဆောင် သွားမှာပါ။ ညီမ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေက ရိုမန်တစ် ဇာတ်ကားတွေ ဖြစ်တဲ့အတွက် ငြိမ်တယ်။ နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်လိုက် ရုပ်ရှင်ကားဆိုရင်လည်း ချိုင်းထောက်နဲ့ ရိုက်ကူးခဲ့တာဆိုတော့ ထူးခြားခဲ့တယ်။ ဒီဇာတ်ကားကလည်း စွာတေးလန်ပြီး ပုံစံမျိုးဆိုတော့ ထူးခြားတဲ့အတွက် ညီမ အရမ်းကြီး ပြင်ဆင်ရမှာပါ။ ဒါရိုက်တာနဲ့ တိုင်ပင်ပြီး ကိုယ့်ရဲ့ ကာရိုက်တာအတွက် ပြင်ဆင်နေပါတယ်”လို့ မေမြင့်မိုရ်က ပြောပါတယ်။

သရုပ်ဆောင် မေမြင့်မိုရ်ကို MRTV-4 မှာ ပြသခဲ့တဲ့ “ပန်းနုသွေး” ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်တွေ စတင် အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ မေမြင့်မိုရ်က လက်ရှိမှာ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ ယခုနှစ် Star Awards ဆုပေးပွဲမှာလည်း မေမြင့်မိုရ်က “Best Rising Star Female Award” ကို ရရှိခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

You may also like these stories:

“စီနီယာ သရုပ်ဆောင်တွေဆီက အတွေ့အကြုံတွေ အများကြီးရတယ်” လို့ ဆိုလာတဲ့ မေမြင့်မိုရ်

“ပထမဆုံးစရိုက်တဲ့ ဇာတ်ကားမှာ နန်းဝတ်နန်းစားတွေ ဝတ်ရတာ အမှတ်တရပါ”

မအိမ်ကံနဲ့ ပတ်သက်ပြီး “ရိုက်မယ်၊ မရိုက်ဘူး အစီအစဉ် မရှိသေးဘူး” လို့ မေမြင့်မိုရ်ပြော

Loading