Zoe Figueroa လို့ အမည်ရတဲ့ ကလေးငယ်ဟာ အဆင့် ၄ ရှိတဲ့ ကျောက်ကပ်ဂလင်း ကင်ဆာကို ၁၆ လကြာကုသပြီးနောက်မှာတော့ အရှင်းပျောက်ကင်းခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ San Diego စီရင်စု၊ Lakeside မှာ နေထိုင်တဲ့ Zoe Figueroa ဟာ လော့အိန်ဂျလိစ်မြို့က ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့တာ ဖြစ်ပါတယ်။
“ကျမ သမီးလေးက သိပ်ကို အံ့သြစရာကောင်းလွန်းပါတယ်။ မွေးနေ့လက်ဆောင် ရတဲ့ အရုပ်တွေကို မလိုချင်ဘူး။ သမီးလိုတာတွေ အားလုံး သမီးမှာ ရှိနေပြီမို့ မရှိသေးတဲ့ ကလေးတွေကို လှူရအောင်လား မေမေတဲ့ သူက အဲ့လိုပြောတယ်”လို့ သူ့ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။
Zoe Figueroa ဟာ အရုပ်ပေါင်း ၂၀၀ ခန့်ကို ရောဂါခံစားနေရတဲ့ ကလေးတွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မွေးနေ့ပွဲကိုတော့ ဆေးရုံမှာပဲ ကျင်းခဲ့ပြီး Zoe Figueroa ရဲ့ မိဘတွေက အခြားကလေးတွေလည်း ပျော်ရွှင်အောင် ဂိမ်း၊ မျက်နှာအရောင်ခြယ် ပညာရှင်နဲ့ မျက်လှည့်ဆရာတွေကို ငှားခဲ့တယ်လို့ ဆိုပါတယ်။
”သမီးလေးရဲ့ ကင်ဆာက ပျောက်ကင်းပြီဆိုပေမယ့် ကျနော်တို့ အနေနဲ့ စိတ်ပူပန်မှုတော့ ရှိနေပါတယ်။ ဆေးတော့ ဆက်ပြီး သောက်ရဦးမယ်။ အခု ကျနော့် သမီးလေး ကင်ဆာ ခံစားနေရတာကနေ ပျောက်ကင်းရသလိုပဲ အခြားကလေးတွေကိုလည်း သက်သာစေချင်ပါတယ်”
“ဆေးရုံတက်တဲ့အချိန်မှာ ရင်းနှီးခဲ့တဲ့ ကလေး မိဘတွေနဲ့လည်း အဆက်အသွယ် မပြတ် နေသွားဖို့ ရှိနေပြီး လိုအပ်တာတွေကို ကူညီဖို့ အဆင်သင့်ပါပဲ”လို့ ဖခင်ဖြစ်သူက ပြောပါတယ်။ Zoe Figueroa ကတော့ ဆေးရုံက ဆင်းရတဲ့အတွက် ပျော်ရွှင်ပြီး အရုပ်တွေ လှူဒါန်းရလို့ ကျေနပ်တယ်လို့ ဆိုပါတယ်။
Ref. Today.com
You may also like these stories: