Myanmar Idol Season 2 မှတဆင့် အဆိုတော်တယောက် ဖြစ်လာခဲ့တဲ့ ဘီလီလမင်းအေးကတော့ သူ့ရဲ့ ဒုတိယမြောက် တကိုယ်တော်အခွေက မကြာသေးခင်က ထွက်ရှိထားပြီး ဒီအခွေထဲမှာတော့ ပြန်ဆိုတေးသီချင်းများကို သီဆိုထားတဲ့အတွက် ဝေဖန်မှုဒဏ်ကို ခံနိုင်ပါ့မလားဆိုတဲ့ စိတ်ဖြစ်ခဲ့မိတယ်လို့ ပြောပါတယ်။
“ပြောရရင် ဒီသီချင်းခွေကို ပရိုမိုရှင်းလုပ်တုန်းက ကြောက်ခဲ့တယ်။ အမှန်အတိုင်း ပြောရရင် လူရှေ့တောင်မှ မထွက်ရဲလောက်အောင် ကြောက်ခဲ့တယ်။ သီချင်းတွေ ဆိုတဲ့အချိန်မှာ ငါ့ကို မကြိုက်တဲ့ ပရိသတ်တွေက ဝေဖန်တဲ့ ဒဏ်ကို ခံနိုင်ပါ့မလား။ Myanmar Idol မှာ ဝေဖန် တိုက်ခိုက်ခံခဲ့ရတဲ့ ဒဏ်လိုမျိုး တော်တော်လေး ထိခိုက် ခံစားခဲ့ရပါတယ်”လို့ ဘီလီလမင်းအေးက ပြောပါတယ်။
အဆိုပါ ပြန်ဆိုတေးသီချင်းများ ပါဝင်ထားတဲ့ “Special One” အခွေကိုတော့ တဖက်မှာလည်း ဝေဖန်မှုများ ရှိနေပေမယ့်လည်း သူ့ရဲ့ ဒုတိယမှတ်တိုင် ဖြစ်တဲ့အတွက် ကျေနပ်တယ်လို့ ဘီလီလမင်းအေးက ဆိုပါတယ်။
“ပြန်ဆိုတေး ဖြစ်တဲ့အတွက် ဝေဖန်မှုကတော့ ရှိပေမယ့် ကျေနပ်ပါတယ်။ ဒီအခွေလေးက ဖူးရဲ့ ဒုတိယမှတ်တိုင် ဖြစ်တဲ့အတွက် ကျေနပ်ပါတယ်။ အရင်က ကြားဖူးတဲ့ Generation ကလည် ကြိုက်ကြသလို New Generation အတွက်လည်း အသစ်ဖြစ်နေတာကို တွေ့ရတယ်။ အဲ့တော့ ကျေနပ်ပါတယ်”လို့ ဘီလီလမင်းအေးက ပြောပါတယ်။
မကြာခင်မှာလည်း Myanmar Idol Season 4 ပွဲကြီး ကျင်းပတော့မှာဖြစ်ပြီး နောက်ထပ် ပြိုင်ပွဲဝင်ကြမယ့်သူတွေကိုလည်း အားပေးစကား အခုလိုပဲ ပြောပါတယ်။
“Idol ဘယ် Season ပဲ ရောက်လာရောက်လာ Stage ပေါ်က သီချင်းသံကြားရင် ရင်ခုန်တုန်းပဲ။ ပြိုင်ခဲ့တဲ့အချိန်တွေကို လွမ်းသလို အဲ့ Stage ပေါ်မှာ ပြန်ဆိုချင်ပါတယ်။ အားလုံး ကြိုးစားပါ။ ကြိုးစားနေတဲ့ လူတယောက်အတွက် ပန်းတိုင်ဆိုတာ ရှိပါတယ်။ ကိုယ့်အတွက် တနေ့ရောက်လာမှာ ဖြစ်တဲ့အတွက် ကြိုးစားကြပါ။ ပြီးတော့ မကြောက်ပါနဲ့။ ကြောက်စိတ်က ကိုယ့်ကို ဆွဲချတတ်တယ်။ အိမ်မှာပဲ သီချင်းအော်ဆိုသလို ရဲရဲဝင့်ဝင့် သီဆိုပါ” လို့ ဘီလီလမင်းအေးက ပြောပါတယ်။
ဘီလီလမင်းအေးကတော့ Myanmar Idol သီချင်းဆို ပြိုင်ပွဲပြီးခဲ့ပြီးနောက် သူ့ရဲ့ပထမဆုံး တကိုယ်တော်အခွေ “အရှုံးမပေးတဲ့ ဝိဉာဉ်” ထွက်ရှိခဲ့ပြီး အဲဒီနောက်မှာတော့ ဒုတိယအခွေအဖြစ် “Special One” အခွေ ထပ်မံ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
“အတွဲသီချင်းတွေ ဆိုရတာ၊ ဖက်ရတာ မိဘတွေရှေ့မှာ မျက်နှာပူတယ်”လို့ ပြောတဲ့ ဘီလီလမင်းအေး
“ပြန်ဆိုတေးပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်သီချင်းပဲ ဖြစ်ဖြစ် အားပေးပါတယ်”လို့ ပြောတဲ့ ရေဗက္ကာဝင်း
ပြန်ဆိုတေးတွေ ပါဝင်တဲ့ ဘီလီလမင်းအေးရဲ့ “Special One” ဒုတိယ တေးစီးရီး ထွက်ရှိ
“ပြန်ဆိုတေးတွေ ဆိုတဲ့အခါ မူရင်းသီချင်းကို မလေ့လာကြဘူး”