လတ်တလော ဆိုရှယ် မီဒီယာမှာ ပျံ့နှံ့နေတဲ့ သက်ငယ်မုဒိမ်းမှုတွေ အပေါ် လူတဦး တယောက်ချင်းစီက ကောင်းတဲ့ စိတ်ထားတွေ ထားမယ်ဆိုရင် ကောင်းမယ်လို့ သရုပ်ဆောင် ထွန်းထွန်းက ပြောပါတယ်။
“သက်ငယ်မုဒိမ်းဆိုတာ တော်တော်ကို မဖြစ်သင့်တာပါ။ လူတွေ တယောက်ချင်းစီ ကောင်းတဲ့ စိတ်ထားလေးတွေရှိရင် တော်တော်ကောင်းမယ်လို့ တွေးမိပါတယ်။ ဒီလိုကောင်မျိုးတွေ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ဒေါသစိတ်နဲ့ ပြောလိုပေမယ့် ဘာတွေဖြစ်မလဲဆိုတာ မသိနိုင်တဲ့အတွက် စကားကို အကုန် မပြောလိုပါဘူး။ တယောက်ချင်းစီက ဒါဟာ ဘယ်လိုမှ မဖြစ်သင့်တဲ့ အရာလို့တွေးလိုက်ရင် အကုန်လုံး အဆင်ပြေသွားမှာပါ”
“ဥပဒေ အားနည်းတဲ့ အပေါ်မှာတော့ ကျနော်ဘာမှ မပြောလိုပါဘူး။ ကျနော်တို့ထက် သိတဲ့သူတွေက ပြောနေကြတာကို ကျနော်လည်း ဖတ်နေရတာပဲ။ အဓိကက မကောင်းတာတွေ မဖြစ်တာ အကောင်းဆုံးပဲလို့ ထင်ပါတယ်။ အခုက အရင်တုန်းကနဲ့ မတူတော့ဘူး။ ရင်နာစရာတွေပေါ့။ တဦး တယောက်ချင်းစီနဲ့လည်း ဆိုင်ပါတယ်။ လူဆိုတာ ကိုယ့်အကြောင်း ကိုယ်အသိဆုံးပါ။ ကိုယ့်စိတ်ထဲမှာ မကောင်းတဲ့ စိတ်တွေရှိနေရင် အကုန်ထုတ်လိုက်တာ အကောင်းဆုံးပဲ။ အကျိုးမှ မရှိတာ၊ ကောင်းလည်း မကောင်းဘူး”လို့ ထွန်းထွန်းက ပြောပါတယ်။
သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်းကတော့ လက်ရှိမှာ Bo Bo Film Proudution နဲ့အတူ “ခေါ်သံ” ဆိုတဲ့ ရုပ်ရှင်ကား ရိုက်ဖို့ ရှိပြီး တကားနဲ့ တကား ကာရိုက်တာ မတူအောင် ကြိုးစား ရိုက်ကူးနေတယ်လို့ ပြောပါတယ်။
“ကျနော် ခေါ်သံကား ရိုက်ဖို့ရှိမယ်။ နောက်ထပ် ကမ်းလှမ်းထားတာ ၄ ကား ရှိပါသေးတယ်။ တကားနဲ့ တကားလည်း ကာရိုက်တာတွေ မတူနိုင်ပါဘူး။ သေချာတာတော့ ကာရိုက်တာ မထပ်အောင် ကြိုးစားထားပါတယ်။ သို့ပေမယ့် ဇာတ်လမ်း အသွားတွေ၊ ဇာတ်ကောင်တွေ တူနေတတ်တာလေးတွေ ရှိပါတယ်။ အဲ့အခါ တင်ပြပုံ မတူအောင်ဘဲ အကောင်းဆုံး ကြိုးစားသွားမှာပါ”
“ကျနော့် မူက အသက်အရွယ်နဲ့ လိုက်ဖက်ပြီး ဇာတ်တခုကို အကောင်းဆုံး ဖြစ်အောင် သရုပ်ဆောင်နိုင်မယ်လို့ စိတ်ထဲမှာ မှတ်ယူပြီး ဇာတ်ကားတွေကို လက်ခံ ရိုက်ကူး ဖြစ်ပါတယ်။ ကျနော် အခု ဒရာမာတွေ ရိုက်ချင်နေတယ်”လို့ ထွန်းထွန်းက ပြောပါတယ်။
သရုပ်ဆောင် ထွန်းထွန်းကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဆက်တိုက် ပါဝင် သရုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဂီတလောကကနေ သရုပ်ဆောင်ပိုင်းကို ပြောင်းလဲ လုပ်ကိုင်ခဲ့တဲ့ ထွန်းထွန်းဟာ ၂၀၁၆ ခုနှစ်မှာ “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်နဲ့ အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။
You May Also Like These Stories:
“သက်ငယ်မုဒိမ်းကို သေဒဏ်ပေးရင် ဖြစ်လာမယ့် ဆိုးကျိုးက ပိုများမယ်”လို့ ထွန်းအိန္ဒြာဗို ပြော
“ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အရေးယူရင် ပြစ်မှုကျူးလွန်သူတွေ လျော့သွားမှာပါ”လို့ ခင်လှိုင် ပြော
“သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို အရူးထောင် ပို့သင့်တယ်”လို့ အလှမယ် ရွှေအိမ်စည် ပြော