အဆိုတော်အပြင် သရုပ်ဆောင် အလုပ်ပါ လုပ်ကိုင်နေပြီဖြစ်တဲ့ အဆိုတော် ရဲရင့်အောင်က လတ်တလောမှာ Bo Bo Film Production ကနေ ထုတ်လုပ် ရိုက်ကူးမယ့် “ခေါ်သံ” ရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်သွားဖို့ ရှိပြီး ပါဝင်ရတဲ့ အပိုင်းကို ကျေပွန်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။
“ကျနော် ခေါ်သံ ဇာတ်ကားမှာ ထွန်းတောက် နေရာက သရုပ်ဆောင်ရမှာပါ။ ဇာတ်ကားပုံစံက သရဲ ဟာသကားလေးပါ။ သရုပ်ဆောင်တွေများလို့ လုပ်ကွက်ရလား ဆိုတော့ တယောက်ကို ထူးခြားတဲ့ အမူအကျင့် တခုစီပါတော့ ကိုယ့်အပိုင်းကို ကျေပွန်အောင် ကြိုးစား လုပ်ရမှာပေါ့။ ဇာတ်ကား တခါရိုက်တိုင်း ဇာတ်ကားထဲမှာပါတဲ့ စီနီယာတွေဆီကနေ ရသင့် ရထိုက်တာတွေ ရတယ်။ ကျနော့်အတွက်လည်း လေ့လာစရာတွေ အများကြီး ရပါတယ်”လို့ ရဲရင့်အောင်က ပြောပါတယ်။
ဆက်လက်ပြီး ရဲရင့်အောင်က ဇာတ်ကား တကားရိုက်တော့မယ်ဆိုရင် သေချာ အစအဆုံး ပြင်ဆင်ပြီး ချစ်သူဖြစ်တဲ့ မော်ဒယ် ဧငြိမ်းဖြူကလည်း အစစအရာရာ ကူညီ ပြင်ဆင်ပေးတယ်လို့ ပြောပါတယ်။
“ကျနော့် ဇာတ်ကားတွေကို ကျနော် ပြန်ကြည့်ပြီး လိုအပ်ချက်တွေကို ပြန်ပြင်ဆင်ဖို့ ကြိုးစားပါတယ်။ ကျနော် အားနည်းချက်လေးတွေကို မြင်ရတယ်။ ဇာတ်ကားရိုက်ကူးဖို့ အတွက်တော့ ကျနော် အချိန်လည်းပေးလို့ ရမယ်၊ ဇာတ်ထဲလည်း စိတ်နှစ်ထားလို့ရမယ် ဆိုရင် ရိုက်ပါမယ်။ ချစ်သူက ကျနော် ဇာတ်ကားရိုက်တော့မယ်ဆိုရင် လိုအပ်တာတွေ သူ စီစဉ်ပေးတယ်။ စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်နိုင်အောင် သူ စီစဉ်ပေးတယ်။ ရှေ့လထဲမှာ ကျနော် ပါဝင်ထားတဲ့ ဂျင်ပါတီ ရုံတင်ဖို့ ရှိတယ်”လို့ ရဲရင့်အောင်က ဆိုပါတယ်။
အဆိုတော် အနေနဲ့ သီချင်းတွေ မထွက်တာကြာပြီ ဖြစ်တဲ့ ရဲရင့်အောင်က မကြာခင်မှာလည်း အခွေထွက်နိုင်အောင် ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
“သီချင်းအနေနဲ့ “စိတ်ရှည်သည်းခံ” သီချင်းကို ခွေမထွက်ခင် ပရိသတ်တွေကို ချပြတာပေါ့။ ကျနော်လည်း Single အနေနဲ့ မထွက်တာ တနှစ်လောက်ရှိပြီ ဆိုတော့ အွန်လိုင်းကနေ တင်ပေးနေတာ သီချင်းသစ် နားထောင်ဖို့ပေးတယ် ဆိုတဲ့သဘောပါ။ အွန်လိုင်းကနေ သီချင်းတွေလည်း ထပ်လာမယ်။ မကြာခင် အခွေလည်း ထွက်တော့မှာပါ”
“သီချင်းဆိုတာနဲ့ သရုပ်ဆောင်တာ ဘာတွေ ကွာခြားလဲဆိုတော့ သီချင်းက ကျနော် တယောက်တည်း ကျနော် ဖြစ်တာတွေကို စိတ်ထဲမှာ ရှိတဲ့အတိုင်း ကျနော် လုပ်လို့ရတယ်။ ဇာတ်ကားရိုက်ကူးမှု အပိုင်းမှာကတော့ ဇာတ်လမ်းထဲက ကာရိုက်တာ၊ တခြားသူတွေနဲ့ ပတ်သက် ဆက်နွယ်မှု၊ ဇာတ်လမ်းသွားချင်တဲ့ ပုံစံအရ ကျနော်က ဝင်ဆန့်အောင် နေပေးရပါတယ်။ အဲ့ဒါတွေတော့ ကွာခြားတာပေါ့”လို့ ရဲရင့်အောင်က ပြောပါတယ်။
လူငယ်ကြိုက် အဆိုတော်တဦး ဖြစ်တဲ့ ရဲရင့်အောင်က ဂီတလောကမှာ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိခဲ့သူတဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးလျက်ရှိပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာတော့ ရဲရင့်အောင်က “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယခုနှစ်မှာလည်း “ခေါ်သံ” ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
You may also like these stories:
“တကိုယ်တော်အခွေမှာ ရဲရင့်အောင်ကဘာလဲ ဆိုတာ သိအောင်ချပြဖို့ရှိတယ်”
ဟာသနဲ့ သရဲကား ကြိုက်သူတွေအတွက် Horror Comedy ရုပ်ရှင် “ခေါ်သံ”
“LGBT တွေကို ထောက်ခံတယ်”လို့ ပြောတဲ့ အဆိုတော် ရဲရင့်အောင်