မကြာခင် ရုံတင်ပြသမယ့် “ကြိမ်နှုန်း” (Frequency) ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ အိန္ဒြာကျော်ဇင်ဟာ အဲဒီဇာတ်ကား ရိုက်ကူးချိန်မှာ ချောက်ချားစရာ စိတ်မျိုးတွေ ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။
“ကြိမ်နှုန်း ဇာတ်ကား ဇာတ်ကိုက ချောက်ချားစရာ ဇာတ်မျိုးဆိုတော့ ကိုယ်တိုင်ကလည်း ရိုက်တဲ့အခါမှာ ညပိုင်းဆိုတော့ ရိုက်ရတဲ့ ဇာတ်ဝင်ခန်းတွေကလည်း ထိတ်လန့်စရာပဲ။ ရိုက်နေတဲ့ အချိန်မှာ စိတ်တွေတော့ ချောက်ချားတယ်။ ရိုက်ကွင်းအိမ်ကြီးကလည်း ချောက်ချားစရာ ဖြစ်တယ်။ ဇာတ်ကားတွေ ရိုက်တာ အရင်ဆို မဖြစ်ဖူးဘူး။ ဒီဇာတ်ကား ရိုက်ချိန်မှာတော့ ကြောက်တဲ့စိတ်မျိုးတော့ ဖြစ်တယ်”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
ဆက်လက်ပြီး အိန္ဒြာကျော်ဇင်က ဒီဇာတ်ကားဟာ မြန်မာရုပ်ရှင် ဇာတ်ကားတွေထဲမှာ ကြည့်နေကျပုံစံမျိုးတွေနဲ့ မတူဘဲ ခွဲထွက်နေတဲ့ ရုပ်ရှင်ဇာတ်ကား တကားလို့ ဆိုပါတယ်။
“မြန်မာဇာတ်ကားတွေထဲမှာ ကြည့်နေကျပုံစံ၊ ဇာတ်လမ်းမျိုးတွေထဲက နည်းနည်း ခွဲထွက်သွားတယ်ပေါ့နော်။ အဲ့ထဲက ကာရိုက်တာက နည်းနည်းလေး ထူးခြားတယ်။ ကိုယ်လည်း မလုပ်ဖူးတာလေး လုပ်ရတယ်။ ပရိသတ်တွေ ကြည့်ရင်တော့ သိရမှာပါ။ ၁၉၁၃ ခုနှစ်က ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီး၊ သူ့ရဲ့ ခံစားချက်တွေကို ကြည့်ရပါလိမ့်မယ်။ ထူးထူးခြားခြားလေးပေါ့”လို့ အိန္ဒြာကျော်ဇင်က ဆိုပါတယ်။
ဇာတ်ကားရိုက်ချိန်မှာ စိတ်ချောက်ချားခဲ့ပေမယ့် ရိုက်ကူးနေချိန်အတွင်း သရဲခြောက်ခံရတာမျိုးတွေတော့ မရှိပါဘူးလို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
“ရိုက်ကူးနေချိန် ထူးခြားမှုတော့ ရှိတယ်။ ရိုက်ကတည်းကလည်း ကြောက်တယ်။ ဒါကလည်း ညဘက် ရိုက် ရတာကြောင့်ရယ်၊ ဒိုင်ယာလော့တွေကြောင့် စိတ်က ချောက်ချားတာပါ။ ထူးထူးခြားခြား ခြောက်ခံရတာတွေတော့ မရှိပါဘူး။ ဒါပေမဲ့ အရင်ဆို ကြောက်တတ်တဲ့ထဲ မပါဘူးလို့ ပြောလို့ ရတယ်။ အဲ့ကား ရိုက်ချိန်မှာတော့ အိမ်ကြီးထဲမှာပဲ ရိုက်ကြတာ။ အိမ်သာ သွားချိန်တွေဆို တယောက်ယောက်ကများ ကြည့်နေလားဆိုပြီး စိတ်က ချောက်ချားနေတာ အဲ့ဒါတော့ ဖြစ်ခဲ့တယ်”
“အမှတ်တရ ဖြစ်ခဲ့တဲ့ ဇာတ်ဝင်ခန်းဆို ညောင်ပင်အောက်မှာ ရိုက်တာ။ ည ၁၂ နာရီလောက် ရှိမယ်။ အဲ့ညောင်ပင်ကလည်း အရမ်း ချောက်ချားစရာ ကောင်းတယ်။ ညောင်ပင် မကောင်းဆိုးဝါးတွေကို သွား ဆုတောင်းတာ။ အဲ့မှာ ကျမတို့ နှစ်ယောက်တည်း အရမ်းကြောက်စရာ ကောင်းတယ်။ အမြန်ပြီးပါတော့ဆိုပြီး ရိုက်ခဲ့ရတာပေါ့”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
“ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၁၈ ရက်နေ့မှာ မြန်မာတနိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ခန့်မာန်ထည် ရိုက်ကူးပြီး သရုပ်ဆောင် ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ သရုပ်ဆောင်သစ်များစွာ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
You may also like these stories:
၁၃ နှစ် အကြာမှာ ဒုတိယမြောက် အကယ်ဒမီဆု ရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင်
“ဘာသာရေး ပိုလုပ်ချင်တာကြောင့် တနှစ်ကိုဇာတ်ကား ၂ကားလောက်သာရိုက်ကူးမယ်”လို့ ထွန်းအိန္ဒြာဗို ပြော