ပုံမှန် ဇာတ်လမ်းတွဲတွေနဲ့ ကွဲထွက်ပြီး ဇာတ်ညွှန်း ဆန်းပြားတဲ့ “Hotel Del Luna” ကတော့ စတင် ပြသတဲ့ ရက်မှာပဲ တာထွက်ကောင်းခဲ့ပါတယ်။
ဒီဇာတ်လမ်းတွဲမှာ နာမည်ကြီး သရုပ်ဆောင် IU အဓိက ပါဝင် သရုပ်ဆောင်ထားတဲ့ အချက်ကလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုမြင့်စေခဲ့တာပါ။ စပြပြချင်း ဇူလိုင် ၁၃ ရက်နေ့ညမှာပဲ ပရိသတ် ကြည့်ရှုမှုနှုန်း အမြင့်ဆုံး ရထားခဲ့တဲ့ “Arthdal Chronicles” ဇာတ်ကား စံချိန်ကို ကျော်လွန်သွားခဲ့ပါတယ်။
စိတ်ကူးယဉ် စိတ်ချောက်ချားစရာ အချစ်ဇာတ်ကား တကားဖြစ်တဲ့ “Hotel Del Luna” မှာ မင်းသား ယိုဂျင်ဂူးက သရဲတွေအတွက် ဖွင့်လှစ်ထားတဲ့ ဟိုတယ်မှာ အလုပ်ဝင်ဖို့ ဖြစ်လာခဲ့ပြီး ထူးခြား ဆန်းကြယ်တဲ့ ဟိုတယ်ကြီးရဲ့ ပိုင်ရှင်ကတော့ IU ပါ။ ဒါ့အပြင် တက်သစ်စ အနုပညာရှင်တွေဖြစ်တဲ့ P.O နဲ့ ဂမ်မီနာတို့လည်း အားဖြည့် ပါဝင်ထားပါတယ်။
ရုပ်သံ ကြည့်ရှုနှုန်းတွေကို ဖော်ပြတဲ့ Nielsen Korea မှာ ပထမတရက်တည်းမှာတင် ၇ ဒဿမ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး တနိုင်ငံလုံးမှာ အမြင့်ဆုံး ဖြစ်ခဲ့ချိန်ကတော့ ၈ ဒဿမ ၇ ရာခိုင်နှုန်းထိ ရောက်ခဲ့ပါတယ်။ ဒါဟာ ရှေ့မှာပြခဲ့တဲ့ “Arthdal Chronicles” ရဲ့ စံချိန်တွေကို အကုန်ရိုက်ချိုးပြီး စံချိန်တင်လိုက်နိုင်တာပါ။
“Arthdal Chronicles” ကတော့ ပျမ်းမျှကြည့်ရှုနှုန်း ၆ ဒဿမ ၇ ရာခိုင်နှုန်းရခဲ့ပြီး နောက်ဆုံ းဇာတ်သိမ်းပိုင်းမှာတော့ ၆ ဒဿမ ၈ ရာခိုင်နှုန်းထိပဲ ရှိခဲ့တာပါ။ “Hotel Del Luna” ကို ကြည့်ရှုသူတွေရဲ့ ပျမ်းမျှ အသက်ကတော့ ၂၀ ကနေ ၄၉ နှစ်အတွင်း ရှိပြီး ပျမ်းမျှကြည့်ရှုနှုန်း ၄ ဒဿမ ၈ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးကတော့ ၆ ဒဿမ ၄ ထိ ရှိခဲ့တယ်လို့ သိရပါတယ်။
အပတ်စဉ် tvN ရုပ်သံလိုင်းကနေ စနေ၊ တနင်္ဂနွေမှာပြသမယ့် “Hotel Del Luna” ဟာ ဇူလိုင် ၁၄ ရက်ညမှာ ဒုတိယပိုင်း ဆက်လက် ထုတ်လွှင့် ပြသခဲ့ပါတယ်။ တချိန်တည်းမှာပဲ tvN ရုပ်သံလိုင်းက ပရိသတ်ကြည့်ရှုနှုန်း မြင့်ခဲ့တဲ့ “Arthdal Chronicles” ရဲ့ Part 3 ကို စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်လွှင့်ပြသမယ်လို့ ကြေညာ လိုက်ပါတယ်။
“Arthdal Chronicles” ဇာတ်လမ်းတွဲက အပိုင်း ၃ ပိုင်းရှိပြီး တပိုင်းကို အခန်း ၆ ခန်း ရှိတာပါ။ အခု အပိုင်း ၂ ပိုင်း ပြသခဲ့ပြီး နောက်ဆုံးကျန်ရှိတဲ့ ၃ ပိုင်းမြောက်ကို ပြသမယ့်ရက် ကြေညာခဲ့ပါတယ်။
Ref: Soompi
You May Also Like This Story:
“Goblin” စီးရီး Season 2 မှာ ပါဝင်ချင်တယ်လို့ မင်းသား ဂေါင်ယိုး ဆို