တောင်ကိုရီးယား နာမည်ကျော်အမျိုးသားအဖွဲ့ BTS ရဲ့ ဒီလအတွင်းမှာပဲ ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲ ၄ ပွဲကို လာရောက် ကြည့်ရှုတဲ့ ပရိသတ် အရေအတွက်ဟာ ၂ သိန်း ၁ သောင်းအထိ ရှိခဲ့ပါတယ်။ ဒါဟာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ သံတမန်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆိုးရွားနေချိန်မှာတောင် BTS အဖွဲ့ရဲ့ ကမ္ဘာလှည့် ဖျော်ဖြေပွဲအောင်မြင်ခဲ့တာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ နဲ့ ၁၄ ရက်နေ့တု့ိမှာ ဂျပန်နိုင်ငံ၊ Shizuoka မြို့က ပရိသတ် ၅ သောင်းဆန့်တဲ့ ECOPA ကွင်းမှာ BTS အဖွဲ့ဝင်တွေက “Love Yourself: Speak Yourself” ဆိုတဲ့ နာမည်နဲ့ ဖျော်ဖြေပွဲတွေကို ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းတုန်းကလည်း အိုဆာကာမြို့က ပရိသတ် ၄၇,၀၀၀ ဆန့်တဲ့ Yanmar Stadium Nagai ကွင်းမှာ ဖျော်ဖြေပွဲတွေကို ပြုလုပ်ခဲ့ပါသေးတယ်။ စုစုပေါင်း ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အဖွဲ့ရဲ့ ဖျော်ဖြေပွဲ ၄ ပွဲမှာ ပရိသတ် ၂ သိန်း ၁ သောင်းလောက် လာကြည့်ရှုခဲ့တယ်လို့ အဖွဲ့ရဲ့ စီမံခန့်ခွဲရေးအေဂျင်စီ Big Hit အင်တာတိန်းမန့်က ဆိုပါတယ်။
“Love Yourself: Speak Yourself” ဖျော်ဖြေပွဲတွေကို အမေရိကန်နိုင်ငံမှာ ရှိတဲ့ Pasadena’s Rose Bowl အားကစားကွင်းမှာ ပြီးခဲ့တဲ့ မေလကစလို့ ကျင်းပနေပြီး အဲ့ဒီနောက်မှာတော့ ဘရာဇီး၊ အင်္ဂလန်နဲ့ ပြင်သစ်နိုင်ငံတွေမှာလည်း အဲဒီ ဖျော်ဖြေပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။
အခုဂျပန်မှာ ပြုလုပ်တဲ့နယ်လှည့်ဖျော်ဖြေပွဲမှာဆိုရင်တော့ အဖွဲ့ရဲ့ ကမ္ဘာကျော်သီချင်းဖြစ်တဲ့ “Boy With Luv” ကို ဂျပန်ဘာသာနဲ့ သီဆိုထားတဲ့ ဗားရှင်းကို စင်မြင့်အထက်မှာ ပထမဆုံး ဖျော်ဖြေခဲ့တာကိုလည်း တွေ့ရပါတယ်။
ဇူလိုင် ၁၄ ရက်နေ့ Shizuoka မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲကိုတော့ ဂျပန်ရုပ်ရှင်ပေါင်း ၂၇၇ ခုမှာ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့တယ်လို့ Big Hit က ဆိုပါတယ်။ BTS အဖွဲ့ရဲ့ ဂျပန်မှာ တထောက်နားတဲ့ ဖျော်ဖြေပွဲ ပြုလုပ်နေချိန်ဟာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံကြားမှာ သံတမန်ရေးနဲ့ ကုန်သွယ်ရေး အခြေအနေတွေ အနည်းငယ်ဆိုးရွား ပြင်းထန်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဒုတိယကမ္ဘာစစ် အတွင်းက အတင်းအဓမ္မ အလုပ်စေခိုင်းတာခံခဲ့ရတဲ့ ကိုရီးယား ပြည်သူတွေကို နစ်နာကြေးပေးဖို့ ဂျပန်ကုမ္ပဏီတွေကို ကိုရီးယားတရားရုံးက အမိန့်ချလိုက်တာနဲ့ ပတ်သက်လို့ ဆန္ဒပြမှုတွေ လုပ်နေတာအပြင် တပိုင်းလျှပ်ကူးပစ္စည်းတွေနဲ့ Display ထုတ်လုပ်မှုကို တောင်ကိုရီးယားတင်ပို့ခွင့် ဂျပန်နိုင်ငံက ကန့်သတ် လိုက်တာမျိုးတွေ ရှိနေပါတယ်။
အခုလိုမျို းနှစ်နိုင်ငံကြားမှာ မကျေလည်တာတွေ ရှိခဲ့ပေမယ့် မကြားသေးခင်က ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတွေကို ကြည့်မယ်ဆိုရင် ပရိသတ်တွေဟာ BTS အဖွဲ့ရဲ့ ဖျော်ဖြေမှုတွေကို တခဲနက် စိတ်အားထက်သန်စွာ လာရောက် ကြည့်ရှုအားပေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
Ref:Yonhap
You May Also Like These Stories:
လပေါ်သွားမယ့် နာဆာ ခရီးစဉ်အတွက် သီချင်းစာရင်းမှာ BTS အဖွဲ့ သီချင်း ၃ ပုဒ် ပါဝင်
Billboard ဂီတဆုပေးပွဲမှာ BTS အဖွဲ့ ဆု ၂ ဆု ရရှိ
သီချင်းဗီဒီယို အသစ်နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန် ၃ ခုကို ချိုးဖျက်လိုက်တဲ့ BTS အဖွဲ့