ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ခင်လှိုင်ကတော့ သူ ငယ်စဉ်အခါက အရမ်းဆင်းရဲခဲ့တာကြောင့် သားသမီးတွေကို လူတန်းစေ့ နေနိုင်အောင် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျနော် မချမ်းသာပါဘူး။ ငယ်ငယ်တုန်းက အရမ်းဆင်းရဲခဲ့တော့ ကျနော့် သားသမီးတွေကျရင် လူတန်းစေ့လေး နေနိုင်အောင် ကြိုးစားမယ်ဆိုပြီး ကြိုးစားခဲ့တယ်။ ကျနော့် အမျိုးသမီး တော်တာလည်း ပါတယ်။ သူက စုတတ်လို့ပေါ့။ လှူတာနဲ့ ပတ်သက်ရင်လည်း အမျိုးသမီးက ဘာမှ မပြောပါဘူး။ စားတာလည်း ကောင်းကောင်း ကျွေးပါတယ်”
“ကျနော်တို့က မချမ်းသာပါဘူး။ ကျနော့် မိသားစုကို လူတန်းစေ့ ထားနိုင်တယ်။ ကံကောင်းချင်တော့ ကျနော် အလုပ်တွေ ပါးချိန်မှာ သမီးအလုပ်တွေ ဝင်လာတယ်။ သားကလည်း အလုပ်လေးတွေ အဆင်ပြေနေတယ်။ သားအကြီးကလည်း သူ့အလုပ်နဲ့သူ ရှာဖွေ ကျွေးနိုင်တော့ ကျနော်တို့ ခုသာ ခံသာတော့ ရှိတာပေါ့။ တအိမ်လုံးမှာ တယောက်တည်း ရုန်းရတာထက်စာရင် အကုန်လုံး ဝိုင်းလှော်တော့ မြန်မြန်ရောက်တာပေါ့” လို့ ခင်လှိုင်က ပြောပါတယ်။
တချိန်က အနုပညာလောကမှာ “ခင်လှိုင်”လို့ နာမည်ရှိနေချိန် ဆိုးခဲ့တာတွေကြောင့် အနုပညာလောက ကနေ အဝေးကို လွှင့်သွားခဲ့ဖူးတယ်လို့ ခင်လှိုင်က ပြောပါတယ်။
“ကျနော် တကြိမ် ဒီလောကကနေ လွှင့်သွားဖူးပါတယ်။ ကျနော်က ရိုက်ကွင်းကို အချိန်မှန် မရောက်ဘူး။ အဲ့အချိန်တုန်းကလည်း ခင်လှိုင်ဆိုပြီး နာမည်ရှိနေချိန်၊ အဲ့အချိန်မှာ ကျနော် ဆိုးခဲ့တယ်။ လုပ်ချင်တာလုပ်၊ အချိန်မှန်လည်း မလာဘူး။ အဲ့လို ဖြစ်ရင်း ကျနော့်နေရာကို သူများကို ဖယ်ပေးရတဲ့အချိန် ရောက်လာတယ်။ ကျနော့်ကို လူတွေက ဖယ်လာကြတယ်။ ပညာတော့ ကောင်းတယ်။ ခင်လှိုင်နဲ့ အလုပ်လုပ်ရတာ စိတ်ညစ်တယ်ဆိုတာ ဖြစ်လာတယ်”
“ကျနော် ဇာတ်ကရင်း ၃ နှစ် စဉ်းစားတယ်။ ဒီလောကကို ပြန်ဝင်ရင် ဘယ်လိုပုံစံနဲ့ နေမလဲ၊ ရပ်တည်မလဲ ဆိုပြီး ဆုံးဖြတ်တယ်။ ကျနော် လူကောင်း တယောက်အနေနဲ့ ရပ်တည်မလား၊ ငါနဲ့ အလုပ် လုပ်ချင်လာအောင် ဘယ်လိုလုပ်မလဲဆိုပြီး ကျနော် အချိန်မှန်ခြင်း၊ ကတိတည်ခြင်းတွေ လုပ်တော့မယ်ဆိုပြီး လုပ်လာတယ်။ နောက် အဝတ်အစား ပြင်ဆင်မှုတွေ သေချာလေး ဂရုစိုက်တယ်”
“လုပ်ရမယ့် ကာရိုက်တာကို စေတနာ ထားပြီး လုပ်တယ်။ ထုတ်လုပ်သူတွေက အရင်လို မဟုတ်တော့ဘူး။ အလုပ်လုပ်လို့ ကောင်းလာပြီဆိုပြီး သဘောကျလာတယ်။ နောက် ဘာသာရေးအားတွေလည်း ပါတာပေါ့နော်။ နောက်ပိုင်း ဘာကားပဲ ရိုက်ရိုက်၊ ထုတ်လုပ်သူတွေက ကျနော့်ကို သတိရကြတယ်လို့ ထင်ပါတယ်”လို့ ခင်လှိုင်က ဆိုပါတယ်။
အနုပညာသက်တမ်း ၂၅ နှစ် ကျော်ကို ရောက်ရှိခဲ့ပြီဖြစ်တဲ့ သရုပ်ဆောင် ခင်လှိုင်ကို ဟာသ သရုပ်ဆောင် တယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာပါ။ သရုပ်ဆောင် ခင်လှိုင်ဟာ အခုလက်ရှိ အချိန်ထိ ပရိသတ် ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တဦးလည်း ဖြစ်ပါတယ်။ ခင်လှိုင်ရဲ့ သားနဲ့ သမီးကလည်း လက်ရှိမှာ သရုပ်ဆောင်အဖြစ်နဲ့ လုပ်ကိုင်လျက် ရှိပါတယ်။
You may also like these stories:
“ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အရေးယူရင် ပြစ်မှုကျူးလွန်သူတွေ လျော့သွားမှာပါ”လို့ ခင်လှိုင် ပြော
“ဇဝန” ဖောင်ဒေးရှင်းကနေ လစဉ် လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတဲ့ သရုပ်ဆောင် ခင်လှိုင်
“အစ်ကို နှစ်ယောက်ကို ကြည့်ပြီး အချစ်ရေး မစဉ်းစားသေးဘူး”လို့ ပြောတဲ့ သဇင်ထူးမြင့်
သမီးဖြစ်သူကို အနုပညာလောကရဲ့ လောကဓံတွေ မခံနိုင်မှာ စိုးရိမ်တဲ့ ခင်လှိုင်