သရုပ်ဆောင် ရဲတိုက်ကို မင်းသားတလက် အဖြစ် မွေးထုတ်ပေးခဲ့တဲ့ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးကနေ နောက်ထပ် သရုပ်ဆောင်အနေနဲ့ နွေဦးကို ထပ်မံ မွေးထုတ်ခဲ့ပြီး နွေဦးကတော့ စီနီယာဖြစ်တဲ့ ရဲတိုက်အပေါ် အမြင်ကို အခုလိုပဲ ပြောပါတယ်။
“ကိုရဲတိုက်က မျက်လုံး အားသာတယ်။ စိတ်ခံစားမှုပေါ်မှာ စီးမျောတဲ့ အားက သာတယ်ဆိုတော့ ကြည့်ရတာ မမြင်ဖူးတဲ့ လူတယောက်ကို မြင်လိုက်ရတယ်။ သူက တခြားအပြင်မှာ ဘယ်လိုနေနေ၊ ရုပ်ရှင်ထဲမှာ ပရိသတ် ကြည့်တဲ့အခါမှာ သူက တကယ့်ကို သရုပ်ဆောင်ကောင်း တယောက်ပဲ။ အဲဒါကိုတော့ ကျနော်ပြောရဲတယ်”လို့ နွေဦးက ပြောပါတယ်။

ရဲတိုက်က ရုပ်ပိုင်းဆိုင်ရာထက် စိတ်ခံစားချက်ကို ပိုဦးစားပေးတဲ့ သူတယောက် ဖြစ်တဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့လာတဲ့အခါမှာလည်း စိတ်ခံစားချက်နဲ့ ထိန်းထားနိုင်တဲ့အတွက် သူ့အပေါ် ခံစားချက်က အရင်အတိုင်း ဖြစ်နေတာလို့ နွေဦးက ပြောပါတယ်။
“သူက Physical ထက် Mental ကို အားသာတယ်လို့ ပြောလို့ရတယ်။ သရုပ်ဆောင်တဲ့ အခါကျရင် သူက စိတ်ခံစားချက်ကို ပို ဦးစားပေးတယ်။ ဒီ Physical က ချို့တဲ့လာရင်လည်း သူ့ရဲ့ Mental ပိုင်းနဲ့ ထိန်းထားနိုင်တော့ သူ့ကို ကျနော်တို့ ခံစားရတာ အရင်အတိုင်းပါပဲ” လို့ နွေဦးက ပြောပါတယ်။
နွေဦးကတော့ ရဲတိုက်ရဲ့ ဇာတ်ကားများစွာထဲက “မြစ်” ဆိုတဲ့ ဇာတ်ကားကို ကြိုက်ပြီး အဲဒီဇာတ်ကားမှာ ရဲတိုက်က လွတ်လပ်ပြီး လွှင့်မျောနေတဲ့ လူငယ် တယောက် အနေနဲ့ သရုပ်ဆောင် ပြနိုင်တာကို အံ့သြတယ်လို့ ဆိုပါတယ်။
“သူ့ရဲ့ဇာတ်ကားတွေထဲမှာဆိုရင် “မြစ်” ကို ကျနော်ကြိုက်ပါတယ်။ လွတ်လပ်ပြီးတော့ လွင့်မျောနေတဲ့ လူငယ်လေး တယောက်၊ မတူတဲ့ သရုပ်ဆောင်ချက်တွေကို တူအောင် သရုပ်ဆောင်ရတဲ့၊ သူနဲ့ အလှမ်းအရမ်းဝေးတဲ့ ဇာတ်ကောင်ကို လုပ်ပြသွားနိုင်တာ အရမ်းအံ့သြတယ်။ ရိုက်ချက်တွေရော ဖန်တီးမှုတွေရော အသံပိုင်းမှာရော တကယ်ကို အဓိပ္ပာယ် ရှိတယ်”လို့ နွေဦးကပြောပါတယ်။
မကြာခင်မှာလည်း ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ရဲတိုက်နဲ့ အတူ သရုပ်ဆောင်သွားဖို့ ရှိပြီး နွေဦးရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တယ်လို့လည်း သိရပါတယ်။
“ကျနော်တို့ ရှေ့လထဲလောက်ကို ဆာတိုရီနဲ့ Pre Production ဝင်မယ်။ အခု ဇာတ်ညွှန်း ပြီးသွားပြီ။ နောက်နှစ်လောက်တော့ မြင်ရမယ် ထင်တယ်။ အဲ့ကားကတော့ ကိုရဲတိုက်နဲ့ ကျနော်နဲ့ပေါ့။ ကျနော့်ရဲ့ ပထမဆုံးရုပ်ရှင် ဇာတ်ကားပါ” လို့ နွေဦးကပြောပါတယ်။
နွေဦးကတော့ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ လက်တွဲလာတာ ကြာခဲ့ပြီဖြစ်ပြီး သူ သရုပ်ဆောင်ဖို့အတွက် အကောင်းဆုံး ဖြစ်မယ်လို့လည်း ယုံကြည်တယ်လို့ ဆိုပါတယ်။ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးကတော့ ရဲတိုက်ရဲ့ ရုပ်ရှင်ဇာတ်ကားကောင်း များစွာကို ဖန်တီးပေးနိုင်ခဲ့ပြီး ထပ်မံပြီးလည်း နွေဦးအတွက် ရုပ်ရှင်ဇာတ်ကားများ ဖန်တီးပေးတော့မှာပဲ ဖြစ်ပါတယ်။
You may also like these stories:
ကိုယ်တိုင်ရိုက်ချင်တဲ့ ကာရိုက်တာတခုအတွက် ဇာတ်ညွှန်းရေးနေတဲ့ ရဲတိုက်
“ရဲတိုက်ရဲ့ မျက်လုံးတွေကို မကြည့်ရဲအောင် သရုပ်ဆောင် ကောင်းတယ်”လို့ ရွှေထူး ပြော
“အပြင်မှာ အရမ်း အစွဲအလမ်းကြီးပြီး ချစ်တတ်တဲ့သူ တယောက်ပါ”လို့ ပြောတဲ့ ဝတ်မှုံရွှေရည်