မကြာခင် ရုံတင် ပြသတော့မယ့် “ကြိမ်နှုန်း” (Frequency) ရုပ်ရှင်နဲ့ ပတ်သက်ပြီး အဲ့ဒီရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ လူငယ် ဒါရိုက်တာ ခန့်မာန်ထည်က အခုလိုပဲ ပြောပါတယ်။
“ကျနော် ပြင်ဦးလွင်သွားပြီး ရွှေစံအိမ်မှာ တည်းတုန်းက အနောက်ဖက်မှာ Governor’s House ရှိတော့အဲ့ကို သွားခဲ့တယ်။ အရင်တုန်းကလည်း ကျနော်လုပ်လက်စ ဇာတ်အပိုင်းအစတွေ ရှိတယ်။ အဲ့အပိုင်းအစတွေနဲ့ ကြိမ်နှုန်း ဇာတ်ကားကို ဖန်တီးဖြစ်ခဲ့တာပါ”လို့ ဒါရိုက်တာ ခန့်မာန်ထည်က ပြောပါတယ်။
“ကြိမ်နှုန်းဆိုတာ ဝိညာဉ်လောကနဲ့ လူ့လောကကြားထဲက တံခါးတချပ်လို့ ပြောလို့ ရတယ်။ ပြင်ဦးလွင်က အိမ်မှာပဲ ရိုက်ကူးရေးက ၉၀ ရာခိုင်နှုန်းလောက် ပါတယ်။ ၁၀ ရာခိုင်နှုန်းက ရန်ကုန်မှာ ရိုက်တယ်။ ဇာတ်ကား ရိုက်ကူးချိန် ပရလောကသားတွေနဲ့ ဘာမှ တွေ့ကြုံတာတွေ မရှိပါဘူး။ တခြားသူတွေတော့ ကြားရ၊ တွေ့ရတယ်လို့တော့ ပြောတယ်”
“နိုင်ငံခြားနဲ့ လုပ်ရတာတော့ အများကြီး အတွေ့အကြုံတွေ ရတာပေါ့။ ဒီကား ရုံမတင်ခင်ကတည်းက ပရိသတ်အားပေးမှု ရရှိတဲ့အတွက်လည်း အရမ်း ဝမ်းသာရပါတယ်။ နောက်ရိုက်မယ့် ဇာတ်ကားတွေလည်း ရှိပါတယ်။ အဲ့ကားတွေလည်း Horror အမျိုးအစားတွေပါပဲ”လို့ ဒါရိုက်တာ ခန့်မာန်ထည်က ဆိုပါတယ်။
ကိုယ်တိုင်ကလည်း ဒါရိုက်တာအသစ် ဖြစ်သလို သရုပ်ဆောင် အသစ်တွေကိုလည်း အနုပညာလောကမှာ နေရာ တနေရာ ရစေချင်တာကြောင့် ထည့်သွင်း ရိုက်ကူးဖြစ်တယ်လို့ သူက ပြောပါတယ်။
“စိတ်ဖိစီးမှုတွေကတော့ ရှိခဲ့တယ်။ မခိုင်ကြီးရော၊ မအူဝဲရောက တချိန်က ကျနော် သူတို့ရဲ့ ပရိသတ်၊ အခုချိန်မှာတော့ အစ်မတို့နဲ့ လက်တွဲခွင့်ရခဲ့တာက ကျနော့်အတွက် အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ်။ ဇာတ်ကောင်တွေအတွက် ဇာတ်လမ်းပေါ်မှာပဲ မူတည်ပြီး စဉ်းစားခဲ့ပါတယ်။ သရုပ်ဆောင်အသစ်တွေလည်း ပါတော့ သူတို့တွေလည်း အခက်အခဲ မဖြစ်အောင် သူတို့ကို Casting ရွေးတယ်”
“မော်လမြိုင်ရယ်၊ မန္တလေးရယ်၊ ရန်ကုန်မှာရယ် ရွေးပြီးတော့ သူတို့ကို Training ၆ လ ဝင်ပြီးမှ ရိုက်ကူးရေး စခဲ့တာပေါ့။ အသစ်တွေကို ထည့်ဖြစ်တာက ကျနော် ကိုယ်တိုင်ကလည်း အသစ်လေ။ အနုပညာလောကမှာ နေရာ တနေရာ ရချင်ကြတယ်။ အဲ့အတွက် လူငယ်တွေကို နေရာ တနေရာ ရစေချင်တဲ့ စိတ်နဲ့ SY Film Production က လုပ်ပေးတာပါ”လို့ ဒါရိုက်တာ ခန့်မာန်ထည်က ပြောပါတယ်။
“ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၁၈ ရက်နေ့မှ စပြီး မြန်မာတနိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ခန့်မာန်ထည် ရိုက်ကူးပြီး သရုပ်ဆောင် ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်တို့နဲ့ အတူ သရုပ်ဆောင်သစ်များစွာ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။