ဖိုက်စတား လူရွှင်တော်အဖွဲ့မှ လူရွှင်တော် အောင်သော်ဟာ သက်ကြီး သဘင်ပညာရှင်များကို တတ်နိုင်သလောက် ကူညီပေးနေပြီး သူ့အနေနဲ့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ဘက်မှာ လူနာတင်ယာဉ် မတည်ကာ အခမဲ့ ကူညီမှုများ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
“ကျနော့်အနေနဲ့ အမှန်တကယ် လိုအပ်နေတဲ့ သက်ကြီးပညာရှင်တွေကို ကျန်းမာရေးအတွက် ဆေးဖိုးဝါးခတွေကို ကူညီပေးနေပါတယ်။ နောက်ပြီး ကျနော် ဦးစီးပြီးတော့ လှိုင်သာယာဘက်မှာ လူနာတင်ယာဉ် ထောင်ထားပါတယ်။ အဲဒီကားနဲ့ပဲ သဘင်သမားတွေတင် မကပါဘူး၊ ပရိသတ်တွေထဲက တကယ် မသွားနိုင်၊ မလာနိုင်ဖြစ်နေတဲ့သူတွေနဲ့ လိုအပ်နေသူတွေကို အခမဲ့ စနစ်နဲ့ ကူညီပေးနေပါတယ်”လို့ လူရွှင်တော် အောင်သော်က ဧရာဝတီကို ပြောပါတယ်။
ဒါ့အပြင် လူရွှင်တော် အောင်သော်ဟာ လွန်ခဲ့သော လပိုင်းအတွင်းက လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံခဲ့တဲ့ မန္တလေးမြို့မှာ တောင်းရမ်း စာသောက်နေရတယ်ဆိုတဲ့ လူရွှင်တော်ကြီး ဦးတိုင်းကျော်ကိုလည်း မြင်ဆရာ၊ ကြားဆရာအနေနဲ့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
“လူရွှင်တော် တော်တော်များများက သေတဲ့အထိ ဇာတ်ထဲမှာ နေထိုင်သွားကြတာ များပါတယ်။ ဦးတိုင်းကျော်ဆိုတာ ကျနော်တို့ရဲ့ ဆရာပါပဲ။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာထဲမှာ ပါတယ်ပေါ့နော်။ သူ့ဆီကနေ ပညာ မယူဘူးပေမယ့် မြင်ဆရာ ကြားဆရာထဲမှာတော့ ပါပါတယ်။ ဘဘ ဦးတိုင်းကျော်အနေနဲ့ ဘယ်လိုနည်းနဲ့ပဲ စီးပွားရေးရှာရှာ သဘင်ရဲ့ ပုံရိပ်တခုကတော့ ညှိုးနွမ်းသွားတာတော့ အမှန်ပါပဲ”လို့ လူရွှင်တော် အောင်သော်က ပြောပါတယ်။
သက်ကြီး သဘင်ပညာရှင်များကို ကူညီရာမှာ အမှန်တကယ် လိုအပ်နေသူများအား ကူညီမှုပေးပါက ပိုပြီး ထိရောက်တဲ့ ကူညီမှုဖြစ်တယ်လို့ အောင်သော်က ဆိုပါတယ်။
“နောက်တခုက ခြေထောက် ၂ ဖက် မသန်တဲ့ မင်းသမီးကြီး တလက်ဆီကို ကျနော်ကိုယ်တိုင် မြင်းခြံဘက်ကို သွားခဲ့ဖူးပါတယ်။ ခြေထောက်၂ ဖက် မသန်ပေမယ့် သူ ဈေးရောင်းစားနေတယ်။ သူ့မှာ အသက် ၅၀ ကျော် ရှိပြီဖြစ်တဲ့ ကျပ်မပြည့်တဲ့ သားတယောက် ရှိတယ်။ အဲဒီ သားကို ဈေးရောင်းပြီး ရှာကျွေးနေတာ ဖြစ်တယ်။ ဆိုတော့ နှိုင်းယှဉ်ကြည့်လိုက်ပါ။ တကယ့် တကယ်တမ်းမှာဆိုရင် အဲဒီလိုဖြစ်နေတဲ့ သူမျိုးကို ကူညီထိုက်ပါတယ်။ ကျနော်တို့ သဘင်သမားတွေအတွက် ပိုပြီး ကုသိုလ်ရမယ်လို့ ထင်ပါတယ်”လို့ အောင်သော်က ပြောပါတယ်။
အနုပညာလောကမှာ အချိန်တော်ကြာ ရပ်တည်နေတဲ့ ဟာသ သရုပ်ဆောင်၊ လူရွှင်တော် အောင်သော်ဟာ လူရွှင်တော်အဖြစ် လုပ်ကိုင်ခဲ့ပြီး ဗီဒီယို၊ ရုပ်ရှင် ဇာတ်လမ်းတွဲများမှာလည်း သရုပ်ဆောင်အနေနဲ့ လုပ်ကိုင်လျက် ရှိပါတယ်။ လူရွှင်တော် အောင်သော်ဟာ လက်ရှိအချိန်ထိ 5 Star လူရွှင်တော်အဖွဲ့မှာ လူရွှင်တော် ကျင်ဝှက်၊ ကြာစိ၊ အောင်မော်၊ မျောက်ရှုံးတို့နဲ့အတူ ကပြဖျော်ဖြေလျက် ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
လူရွှင်တော် သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်မည်
သက်ကြီးပန်းချီဆရာ ပူဇော်ပွဲ မန္တလေးတွင် ပထမဆုံးအကြိမ် ကျင်းပမည်
“ငယ်ငယ်တုန်းက ဆင်းရဲခဲ့တော့ သားသမီးတွေ လူတန်းစေ့ နေနိုင်အောင် ကြိုးစားခဲ့ရတယ်”