Netflix ကုမ္ပဏီဟာ နာမည်ကျော် “13 Reasons Why” စီးရီးတွဲထဲက အငြင်းပွားဖွယ် ဇာတ်ဝင်ခန်း ဖြစ်တဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ ဇာတ်ဝင်ခန်းကို ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေထံက အကြံဉာဏ်အတိုင်း ပယ်ဖျက်လိုက်ပြီလို့ ကုမ္ပဏီရဲ့ Twitter အကောင့်မှာ ဇူလိုင်လ ၁၆ ရက်နေ့က ဖော်ပြထားပါတယ်။
နာမည်တူ ဝတ္ထုကို အခြေခံထားတဲ့ အဲ့ဒီစီးရီးရဲ့ Season 1 နောက်ဆုံးအပိုင်းမှာ ဇာတ်ဆောင်တဦးဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ ဇာတ်ဝင်ခန်းကို ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားထဲက ဇာတ်ကောင် Hannah ဟာ ရေချိုးဇလုံထဲမှာ လက်ကောက်ဝတ်ကို လှီးဖြတ်တဲ့ ဇာတ်ဝင်ခန်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
An update on 13 Reasons Why
If you or someone you know needs help finding crisis resources please visit https://t.co/cNtjtuNG1p pic.twitter.com/SxGjbYpZF6
— Netflix US (@netflix) July 16, 2019
Netflix မှ ကိုယ်စားလှယ်တဦးကတော့ အခုလိုမျိုး ဇာတ်ဝင်ခန်း ပယ်ဖျက်လိုက်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး မှတ်ချက် တစုံတရာပေး ပြောကြားသွားတာမျိုး မရှိသေးပါဘူူး။ ကုမ္ပဏီကတော့ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်အရ ဖန်တီးရှင် Brian Yorkey နဲ့ “13 Reasons Why” ရဲ့ ထုတ်လုပ်သူတွေဟာ ဇာတ်ကောင် Hannah ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်တယ်ဆိုတဲ့ ဇာတ်ဝင်ခန်းကို တည်းဖြတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း Twitter မှာ ကြေညာခဲ့ပါတယ်။
အဲ့ဒီစီးရီးကို စတင်ပြသစဉ်ကတည်း Parents Television Council (PTC) အပါအဝင် ဝေဖန်ရေးအဖွဲ့တွေက ဆယ်ကျော်သက်တွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုကို အထူးဦးစားပေး ပြသထားတယ်ဆိုပြီး ပြောဆိုကန့်ကွက်တာမျိုးတွေ ရှိခဲ့ပါတယ်။
အဲ့ဒီ စီးရီးတတွဲလုံးကို ဖြုတ်ချပေးဖို့ Netflix ကို တိုက်တွန်းခဲ့ဖူးတဲ့ PTC အဖွဲ့ကတော့ အခုလိုမျိုး ဇာတ်ဝင်ခန်း ပယ်ဖျက်မှုအတွက် ချီးကျူးပြောဆိုခဲ့ပါတယ်။ အဲ့ဒီအဖွဲ့က “Netflix ဟာ ကလေးတွေအပေါ် သက်ရောက်မှုရှိနိုင်တဲ့ ’13 Reasons Why’ ထဲက ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ ဇာတ်ဝင်ခန်းလိုမျိုး အကဲဆတ်တဲ့အကြောင်းအရာဟာ ထိခိုက်မှုရှိတဲ့ အကျိုးသက်ရောက်မှု ဖြစ်နေတယ်ဆိုတာကို နောက်ဆုံးတော့ သဘောပေါက်သွားပါပြီ”လို့ ပြောပါတယ်။
အမေရိကန်လေ့လာရေးအဖွဲ့ တဖွဲ့ရဲ့အဆိုအရ အဲ့ဒီစီးရီးကို ပြသခဲ့တဲ့ ၂၀၁၇ ခုနှစ် နှောင်းပိုင်းကစလို့ အမေရိကန်လူငယ်တွေ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းဟာ ၃ ပုံ ၁ ပုံလောက် မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားကျန်းမာရေး အင်စတီကျူရဲ့ လေ့လာချက်မှာတော့ ၂၀၁၇ ခုနှစ်၊ ဧပြီလမှာ အသက် ၁၀ နှစ်ကနေ ၁၇ နှစ်အထိ ရှိတဲ့အမေရိကန် လူငယ်တွေကြား ကိုယ့်ကိုယ်ကို အဆုံးစီရင်နှုန်းဟာ ၂၈ ဒဿမ ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်၊ ဧပြီလကနေ ဒီဇင်ဘာလအထိ အဲ့ဒီ အသက်အရွယ်တွေကြားမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ အကြိမ်ရေ ၁၉၅ ကြိမ် ရှိခဲ့ပါတယ်။
“13 Reasons Why” ရဲ့ ဒုတိယမြောက် Season ကို ၂၀၁၈ ခုနှစ်၊ မေလမှာ ဖြန့်ချိခဲ့ပြီး တတိယမြောက် Season ကိုလည်း ပြသဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။
Ref. Asiaone
You may also like these stories:
13 Reasons Why တီဗီစီးရီး ကြည့်ရှုပြီး အမေရိကန်လူငယ်တွေ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း မြင့်တက်
“13 Reasons Why” မှာ နောက်ထပ် မပါဝင်နိုင်တော့တဲ့ မင်းသမီး Katherine Langford
Netflix မှာ ကြည့်ရှုသူ စံချိန်တင်ခဲ့တဲ့ “Stranger Things Season 3”
Kingdom စီးရီး Season 2 အတွက် ဓာတ်ပုံများထွက်ပေါ်လာ