PurplePort လို့ ခေါ်တဲ့ လူမှုကွန်ရက်ဟာ Facebook ၊ Instagram စတဲ့ လူမှုကွန်ရက်တွေလိုပဲ ဓာတ်ပုံ၊ ဗီဒီယိုတွေကို တင်ရတဲ့ လူမှုကွန်ရက်ဖြစ်ပြီး မော်ဒယ်၊ မိတ်ကပ်ပညာရှင်နဲ့ ဓာတ်ပုံဆရာတွေ အသုံးများပါတယ်။
အဲဒီ PurplePort လူမှုကွန်ရက်မှာ လတ်တလော ရေပန်းစားနေသူကတော့ အင်္ဂလန်နိုင်ငံမှာ နေထိုင်တဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသား မော်ဒယ်တဦး ဖြစ်တဲ့ Pip ပဲ ဖြစ်ပါတယ်။ သူဟာ မော်ဒယ်အဖြစ် လုပ်ကိုင်နေတာ အချိန်ကာလ ၄ နှစ်ရှိပြီ ဖြစ်ပြီး သူ အသက် ၅၀ ပြည့်ပြီးနောက်ပိုင်းမှ မော်ဒယ်အလုပ်ကို စတင် လုပ်ကိုင် ဖြစ်ခဲ့တာလို့ သိရပါတယ်။
“Pip The Gentleman”လို့ လူသိများတဲ့ သူဟာ ဖက်ရှင် တက္ကသိုလ် ၂ ခုမှာ လူငယ်တွေကို သင်ကြားပေးနေသူ ဖြစ်ပြီး ကျောင်းသားတွေ ထုတ်တဲ့ မဂ္ဂဇင်းတစောင်မှာ ဖက်ရှင်ပိုင်းကို စိတ်ဝင်စားတဲ့ သက်လတ်ပိုင်း အမျိုးသားတယောက် လိုအပ်တာကြောင့် ကူညီပေးရင်း မော်ဒယ် လုပ်ဖြစ်ခဲ့တာလို့ သိရပါတယ်။ မော်ဒယ် ကိုယ်စားလှယ် လုပ်ငန်းတခုကနေ သူ့ကို သဘောကျပြီး စာချုပ်ချုပ်ခဲ့ပြီးနောက် Pip ဟာ မော်ဒယ် လောကကို တရားဝင် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
“ကျနော့်အနေနဲ့ ဒီအလုပ်ကို လုပ်ဖို့ စိတ်ကူး မရှိခဲ့ပါဘူး။ ဒီအသက်အရွယ်ကြီး ရောက်တော့မှ အောင်မြင်လာမယ်ဆိုတဲ့ မျှော်လင့်ချက်လည်း မထားခဲ့တာ အမှန်ပါပဲ။ ဒီအလုပ်ကို စတင်လုပ်ပြီးနောက်မှ ဖန်တီးမှုစွမ်းရည်နဲ့ ပျော်ရွှင်မှုတွေ များလာတယ်”လို့ Pip က ပြောပါတယ်။
သူဟာ ဓာတ်ပုံ ရိုက်တဲ့အခါတွေမှာ စိတ်ရောကိုယ်ပါ နှစ်ပြီး ပြုလုပ်လေ့ ရှိတယ်လို့ ဓာတ်ပုံဆရာတွေက မှတ်ချက်ပေးလေ့ ရှိပါတယ်။ မော်ဒယ် ဖြစ်ချင်တဲ့သူတွေအတွက် “ကိုယ်က ဘယ်လို ဓာတ်ပုံ ရိုက်ချင်တယ်၊ ဘာကို ကိုယ်စားပြုတဲ့ မော်ဒယ်ဖြစ်ချင်လဲဆိုတာကို အရင်စဉ်းစားပါ။ ပျော်ပျော်နေပါ။ တီထွင် ဖန်တီးပါ။ အိပ်မက်တွေက တကယ်ဖြစ်လာပါလိမ့်မယ်”လို့ Pip က အကြံပေးထားပါတယ်။
Ref. boredpanda
You may also like these stories:
လူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့ ထိုင်းနိုင်ငံက အသက် ၅၆ နှစ်အရွယ် မော်ဒယ်
ပါရီမြို့ဖက်ရှင်ပွဲတွေကို တက်ရောက်ခဲ့ကြတဲ့ ကိုရီးယားနာမည်ကျော် မင်းသားများ
Women In Film Gala ပွဲကို တက်ရောက်တဲ့ ပထမဆုံး ကိုရီးယားမင်းသမီး Claudia Kim
နာမည်မကြီးခင်က ထူးထူးဆန်းဆန်း အလုပ်တွေ လုပ်ခဲ့တဲ့ ကမ္ဘာကျော်များ