မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကြောင့် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုများ နည်းပါးသွားခဲ့တဲ့ သရုပ်ဆောင် မိုးဟေကိုဟာ မကြာခင် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ နေတိုးနဲ့အတူ တွဲဖက် သရုပ်ဆောင်မှာဖြစ်ပြီး နေတိုးနဲ့ အချိန် ၃ နှစ်ကြာမှ အခုလို ပြန်ဆုံတာလို့ မိုးဟေကိုက ပြောပါတယ်။
“ကားတွေတော့ မရေတွက်ထားမိဘူး။ ဒီကားက မိုးနဲ့ ကိုနေတိုးနဲ့ ၃ နှစ်လောက် ကြာမှ တွေ့တဲ့ ကားပေါ့နော်။ အစ်ကိုက အရမ်းကို တော်တယ်။ ပြောမယ်ဆိုရင်တောင် ပြောလို့ မကုန်ဘူး။ အပြင်မှာလည်း အနေအေးတယ်။ ဇာတ်ကား တကား ရိုက်ပြီဆိုတာနဲ့ ဇာတ်နဲ့လည်း အံဝင်ခွင်ကျ ဖြစ်တယ်ဆိုတော့ အရမ်းတော်ပါတယ်”လို့ မိုးဟေကိုက ပြောပါတယ်။
နေတိုးနဲ့အတူ မိုးဟေကို ပါဝင် သရုပ်ဆောင်မယ့် “ကျွန်တော့်ရဲ့သူ” ရုပ်ရှင်ဇာတ်ကားကိုတော့ မိုးဟေကိုက ဇာတ်လမ်းရဲ့ တင်ပြပုံ ဆန်းကြယ်တဲ့အတွက် စိတ်ဝင်စားပြီး ရိုက်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“ဇာတ်လမ်းတွေ လာပြောတဲ့အချိန်မှာ ဒီကားက မိုးရဲ့ပထမဆုံး ပြန်ရိုက်ကူးခြင်းပေါ့။ ဇာတ်လမ် းဖတ်လိုက်တယ်။ ရိုက်နေကျဆိုပေမယ့် တင်ပြပုံ ဆန်းကြယ်တယ်။ ဇာတ်လမ်းလေးမှာလည်း အပြောင်းအလဲလေးတွေရှိတော့ မိုးလည်း စိတ်ဝင်စားပြီးတော့ ရိုက်ဖြစ်သွားတာပေါ့”လို့ မိုးဟေကိုက ပြောပါတယ်။
၂၀၁၉ ခုနှစ်အတွင်းမှာတော့ မိုးဟေကိုအနေနဲ့ ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ “ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကား ၁ ကားသာ ရိုက်ကူးခဲ့ပြီး မိုးဟေကိုက သူရိုက်ရမယ့် ဇာတ်ကားများကို သူ့ရဲ့အနေအထားနဲ့ လုပ်ရမယ့် ကာရိုက်တာကို ကြည့်ပြီးမှသာ ရိုက်ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီနှစ်ထဲမှာတော့ ကိုဝိုင်းနဲ့ ပပဝတီ စီရင်ခန်း ရိုက်ပါသေးတယ်။ ပြီးသွားတော့ ဇာတ်လမ်းတွေ မကြိုက်ရင်း မကြိုက်ရင်းနဲ့ ငြင်းပြီးတော့မှ ဒီကားကကျတော့ အဘက်ဘက်က ပြည့်စုံနေတယ်။ ငြင်းစရာလည်း မရှိတဲ့အတွက် မိုးကိုယ်တိုင်လည်း ကြိုက်တာကြောင့် ရိုက်ဖြစ်တာပါ”
“အများကြီးပဲ။ အဘက်ဘက်ကို ကြည့်ရတာပေါ့။ တခုတည်းကို ကြည့်လို့ မရဘူး။ ပြီးတော့ မိုးရောက်နေတဲ့ အနေအထားရယ်၊ လုပ်ရမယ့်ကာရိုက်တာကို အရမ်းကြည့်တယ်။ ကာရိုက်တာပိုင်းကို အရမ်းကြည့်ပါတယ်”လို့ မိုးဟေကိုကပြောပါတယ်။
အခုလို ရုပ်ရှင်ဇာတ်ကား ပြန်လည် ရိုက်ကူးဖြစ်တာကလည်း မိခင်ဖြစ်သူရဲ့ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတာကြောင့် အနုပညာ အလုပ်များကို အရင်လို ခပ်စိပ်စိပ် လုပ်လာနိုင်ပြီး ပေးရတဲ့ အချိန်အတွက် အကျိုးရှိအောင်လည်း ကောင်းမွန်တာတွေကိုပဲ လုပ်ဖြစ်တယ်လု့ိ သိရပါတယ်။
“အခုလို ရိုက်ကူးဖြစ်တယ်ဆိုတာ ဒီနှစ်ထဲမှာ အမေက ကျန်းမာရေး ကောင်းလာတယ်လေ။ အဲဒီလို အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေ ခပ်စိပ်စိပ် လုပ်လာနိုင်တယ်။ အဓိကကတော့ အမေ့ရဲ့ကျန်းမာရေးကို လျစ်လျူရှုရတယ် ဆိုပေမယ့် ဒီဘက်မှာ ပေးဆပ်လိုက်ရတဲ့ အချိန်သည် ကိုယ်လည်း အကျိုး မယ်။ ပရိသတ်တွေလည်း အကျိုး ရှိမယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့်ဟာမျိုးတွေ ရိုက်ဖြစ်ပါတယ်”လို့ မိုးဟေကိုက ပြောပါတယ်။
သရုပ်ဆောင် တယောက်ဖြစ်တဲ့အတွက် ကာရိုက်တာကိုတော့ အမျိုးမျိုး ပြောင်းလဲချင်နေပြီး လုပ်ချင်တဲ့ကာရိုက်တာနဲ့ ကွက်တိကျမှသာ ရိုက်ဖြစ်တယ်လို့ သူက ဆိုပါတယ်။
“သရုပ်ဆောင်တွေဖြစ်တဲ့အတွက် ကာရိုက်တာက အမျိုးမျိုးပြောင်းချင်နေတာ။ လာပေးတဲ့ဟာနဲ့ မိုးလုပ်ချင်တာနဲ့ ကွက်တိ ဖြစ်တယ်ဆိုရင် ရိုက်ဖြစ်တယ်။ မလုပ်ချင်သေးဘူး။ မလုပ်နိုင်ဘူး ထင်တဲ့ဟာဆိုရင် မလုပ်ဖြစ်ဘူးပေါ့” လို့ မိုးဟေကိုက ပြောပါတယ်။
မိုးဟေကိုကတော့ မိသားစုအပေါ်သိတတ်တဲ့ သမီးတယောက်ဖြစ်ပြီး မိခင်ဖြစ်သူ ကျန်းမာရေးကြောင့် သူ့ရဲ့ အနုပညာအလုပ်များကို အများကြီး မလုပ်ဖြစ်ဘဲ မကြာသေးခင်ကလည်း သာသနာ့ဘောင် ဝင်ရောက်ခဲ့ပါသေးတယ်။
You may also like these stories:
“အောင်ရဲလင်းနဲ့ မိုးဟေကိုက အောင်မြင်သွားလည်း မပြောင်းလဲဘူး”လို့ ဂျွန်လွင် ပြော
ယနေ့ထိတိုင် ဆွဲဆောင်မှုရှိတဲ့ သရုပ်ဆောင် မိုးဟေကိုရဲ့ လျှို့ဝှက်ချက်
မိုးဟေကို ပြောပြတဲ့ အလှအပနဲ့ ကျန်းမာရေး အကြောင်း
“ကိုယ်ပေးရတဲ့အချိန်နဲ့ တန်တဲ့ဇာတ်ကားမျိုးပဲ ရွေးပြီးရိုက်တော့မယ်”