Myanmar Idol Season 1 သီချင်းဆို ပြိုင်ပွဲကနေ ပရိသတ် အားပေးမှု ရရှိလာခဲ့ပြီး ခန္ဓာကိုယ် ပြည့်ပြည့်လေးနဲ့ ချစ်စရာကောင်းတဲ့ အဆိုတော် နင်ဇီမေကတော့ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး နှိမ်ချ ပြောဆိုတဲ့ လူတွေနဲ့ တွေ့ကြုံဖူးတယ်လို့ မီဒီယာများကို ပြောပါတယ်။
“အပြင်မှာတွေ့ရင် မိန်းကလေး အချင်းချင်း Body Shaming လုပ်တာတွေ၊ မထိ တထိ လုပ်တာတွေ ကြုံရတယ်။ အမြဲတမ်း ဘယ်မိန်းကလေးမဆို ကြုံရမှာပဲ။ ညီမကတော့ အဲဒါကို လုံးဝ မကြိုက်ဘူး။ ဒါပေမဲ့ ဘယ်လိုလုပ်လဲ ဆိုတော့ အဲဒါတွေကို Motivation အဖြစ် ယူတယ်။ သူတို့ကို မကောင်းလည်း မပြောဘူး၊ ပြန်လည်း မဆဲဘူး၊ ဒါတွေက ဝိတ်ချမယ့် လူတွေအတွက် Motivation ယူဖို့ အရမ်းလွယ်တယ်”
“အရမ်းပြည့်လာတော့ အဆင်မပြေဘူးဆိုပြီး ဝိတ်ချနေတာ။ အသံနားထောင်ကြတယ် ဆိုပေမယ့် စင်ပေါ်တက်ရတဲ့သူဆိုတော့ ဝိတ်ကို နည်းနည်းလေး ပြန်ထိန်းဖြစ်တာပေါ့။ အစားအသောက်နဲ့ ထိန်းတယ်။ GYM ဆော့ဖို့တော့ ပျင်းတာနဲ့ မသွားဖြစ်ဘူး။ ကတော့ ကတယ်။ ညီမတို့ သူငယ်ချင်းတွေ စုပြီးမှ ဆရာမင်းမင်း ဆီမှာ ကကြတယ်”လို့ အဆိုတော် နင်ဇီမေက ပြောပါတယ်။
ဆက်လက်ပြီး နင်ဇီမေကတော့ ကိုယ်က အစားတလိုင်း ဖြစ်တာကြောင့် သူငယ်ချင်းတွေ စနောက်တာမျိုး ရှိပေမယ့် စိတ်မဆိုးဘူးလို့လည်း ဆိုပါတယ်။
“အစားတလိုင်း သမားတွေရဲ့ စိတ်ခံစားချက်ကတော့ အမြဲတမ်း ကိုယ်နဲ့ အစားနဲ့က တွဲနေတာပေါ့နော်။ အမြဲတမ်း သူငယ်ချင်းတွေက စကြ နောက်ကြတယ်။ အစားဆိုရင် နင်ဇီ ပါမှပေါ့။ ဒီလိုပြောလို့လည်း ဘာမှမဖြစ်ပါဘူး နင်ဇီ ကတော့ ပျော်တယ်”လို့ နင်ဇီမေက ပြောပါတယ်။
နင်ဇီမေက လတ်တလောမှာတော့ အနုပညာ လှုပ်ရှားမှု အနေနဲ့ အဆိုတော် ဆိုဖီယာနဲ့အတူ ပေါင်းပြီး ပရိသတ်တွေ အံ့သြသွားအောင် သီချင်းတပုဒ် ထွက်ဖို့ရှိတယ်လို့ ပြောပါတယ်။
“နင်ဇီ လကုန်လောက်မှာ အတွဲ သီချင်းတပုဒ် ထွက်မယ်။ ပရိသတ်တွေ အရမ်းအံသြသွားရအောင် အစွမ်းကုန် ကြိုးစားထားပါတယ်။ မဆိုဖီယာနဲ့က ပြိုင်ပွဲပြီးကတည်းက စီစဉ်ထားတာ အခုမှ လုပ်ဖြစ်တာပေါ့။ သူကလည်း သူ့လိုင်းနဲ့သူ ရှိပြီးသား နင်ဇီက အဆွေးပေါ့။ တယောက် တမျိုးစီ ဆိုထားတယ်။ မဆိုဖီယာက အရမ်းတော်တယ်”
“Music Video ကတော့ မရိုက်ရသေးဘူး။ MV မှာ အမိုက်စားတော့ အရမ်း မဖြစ်ဘူး ထင်တယ်။ ညီမနဲ့ လိုက်တဲ့ ပုံစံမျိုးရယ်၊ နောက် ပရိသတ်တွေ အမြင်တမျိုး မြင်ရအောင် လုပ်ထားတယ်။ သီချင်းလေး ထွက်လာရင် အားပေးကြပါလို့။ မဆိုဖီယာရယ်၊ နင်ဇီရယ် အကောင်းဆုံး ကြိုးစားထားပါတယ်”လို့ နင်ဇီမေက ပြောပါတယ်။
အဆိုတော် နင်ဇီမေဟာ Myanmar Idol Season 1 သီချင်းဆို ပြိုင်ပွဲပြီးကတည်းက ဂီတအလုပ်တွေ ဆက်တိုက် လုပ်နေပြီး ပြိုင်ပွဲကြီး ပြီးသွားတဲ့ နောက်မှာလည်း ဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရသလို တကိုယ်တော်ခွေ “NIN ZI MAY” ဆိုတဲ့ တေးစီးရီးလည်း ထွက်ရှိထားပါတယ်။
You may also like these stories:
ခန္ဓာကိုယ်ဝတဲ့ အမျိုးသမီးများ စိတ်ဓာတ်မကျသွားဖို့ ပြောတဲ့ စမိုင်းလ်
အရင်တုန်းက ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး Body Shaming လုပ်ခြင်းခံခဲ့ရတဲ့ ထူးအောင်
ရဲလေးနဲ့ အလုပ်တွဲလုပ်ရတာ ပျော်တယ်ဆိုတဲ့ အဆိုတော် နင်ဇီမေ