"ပရိသတ်နဲ့ တထပ်တည်းကျဖို့ သရုပ်ဆောင်တိုင်း ကြိုးစားနေကြတယ်"လို့ နေတိုး ပြော
ရုပ်ရှင်ဇာတ်ကားများစွာကို ဆက်တိုက် ရိုက်ကူးလျက်ရှိပြီး အနုပညာနဲ့ ပတ်သက်တဲ့ အလုပ်တော်တော်များများကို အကျွမ်းတဝင်ရှိတဲ့ သရုပ်ဆောင် နေတိုးကတော့ ပရိသတ်နဲ့ တထပ်တည်းကျဖို့ သရုပ်ဆောင်တိုင်း ကြိုးစားကြတယ်လို့ ပြောပါတယ်။
“အားသာချက်ကတော့ တယောက်နဲ့ တယောက် မတူဘူးပေါ့။ အားသာချက်လေးတွေကို ကိုယ်ကိုယ်တိုင်သိမြင်ပြီးတော့ ဇာတ်လမ်း ရွေးချယ်တဲ့ အပိုင်းမှာရော၊ သရုပ်ဆောင်တဲ့ အပိုင်းမှာရော အားစိုက်တယ် ဆိုရင်တော့ ပိုပြီးတော့ ထိရောက်မှု ရှိတာပေါ့။ ပရိသတ်နဲ့ တထပ်တည်းကျဖို့ကတော့ သရုပ်ဆောင်တိုင်းလိုလို ကြိုးစားနေကြတာဆိုတော့ ကိုယ့်ရဲ့အားသာချက် ရှိရင် ထုတ်ပြီးတော့ အားနည်းချက်တွေလည်း လေ့လာဆည်းပူးပြီးတော့ သွားကြရမှာပေါ့”လို့ နေတိုးက ပြောပါတယ်။
နေတိုးဟာ မကြာခင်မှာလည်း သရုပ်ဆောင် မိုးဟေကိုနဲ့အတူ “ကျွန်တော့်ရဲ့သူ” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးတော့မှာဖြစ်ပြီး အဲဒီဇာတ်ကားမှာတော့ ထူးခြားတဲ့ သရုပ်ဆောင်မှုပုံစံကို တွေ့ရမယ်လို့ ဆိုပါတယ်။
“ရိုမန့်စ်နဲ့ ဒရာမာနဲ့ ရောထားတာပေါ့။ တင်ပြမှုပုံစံလေးကို ဆန်းသစ်ထားတယ်။ ကာရိုက်တာကတော့ အလှကုန်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ လုပ်ငန်းကို အောင်မြင်အောင် ကြိုးစားနေတဲ့ လူတယောက်၊ နောက်ဆုံးမှာ ဈေးကွက်မှာ အောင်မြင်သွားတဲ့ လူတယောက်ပါ။ ဒါပေမယ့် ဒီကာရိုက်တာကို အားမယူထားပါဘူး။ ဇာတ်လမ်းပုံစံနဲ့ တင်ပြမှုပုံစံနဲ့ ထူးခြားတဲ့ သရုပ်ဆောင်မှု ပုံစံကိုတော့ ဒီကားမှာ တွေ့ရမှာပေါ့”လို့ နေတိုးက ပြောပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ရုပ်ကတော့ မိုးဟေကိုနဲ့ လိုက်ဖက်မှုရှိပြီး တယောက်နဲ့ တယောက်လည်း တိုင်ပင် ဆွေးနွေးပြီး သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ဇာတ်ကောင်နဲ့တော့ တော်တော်လေး လိုက်ဖက်မှု ရှိတယ်လို့ သုံးသပ်မိပါတယ်။ ကြိုးစားမယ်လို့လည်း ယုံကြည်ပါတယ်။ ကျနော်တို့လည်း အမြဲတမ်း ကြိုးစားပြီးတော့ပဲ သွားနေကြတယ်။ နောက်ပြီးတော့ ထပ်ခါထပ်ခါ ကာရိုက်တာတွေကို မထပ်အောင် ကြိုးစားနေရတဲ့ သရုပ်ဆောင်တွေ ဖြစ်တဲ့အခါကျတော့ ဇာတ်ကောင် ထူးခြားမှုကိုလည်း အရမ်း အလေးထားပါတယ်”
“ဇာတ်ကောင် ထူးခြားမှုနဲ့ သရုပ်ဆောင်မှုကိုလည်း အမြဲလေ့လာပြီးတော့ လုပ်နေတော့ ဒီကားကိုလည်း တယောက်နဲ့ တယောက် တိုင်ပင်ဆွေးနွေးပြီးတော့ လုပ်ကြရမှာပါ”လို့ နေတိုးက ပြောပါတယ်။
ဒါ့အပြင် အဆိုပါ “ကျွန်တော့်ရဲ့သူ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ အသစ်တယောက်ဖြစ်တဲ့ လူငယ် ဒါရိုက်တာ နေဟိန်းက ရိုက်ကူးမှာဖြစ်ပြီး နေတိုးနဲ့ ကြော်ငြာများစွာ လက်တွဲပြီး ရိုက်ကူးခဲ့ကြတဲ့ ဒါရိုက်တာလို့ သိရပါတယ်။
“ဒါရိုက်တာ နေဟိန်းကတော့ သူ့ရဲ့ပထမဆုံး ဆိုပေမယ့် အလုပ်လုပ်လာတာ ကြာပါပြီ။ သူ တွဲဖက်ဒါရိုက်တာအနေနဲ့လည်း တွဲလုပ်တယ်။ ကျနော်တို့နဲ့လည်း ခင်မင်ရင်းနှီးမှု ရှိတဲ့အခါကျတော့ သူ့ရဲ့အရည်အချင်းကိုလည်း မြင်နေရတဲ့အခါကျတော့ ပရိသတ်လည်း ဒီကားလေးကို ကြည့်ပြီးတဲ့အခါမှာ ကျေနပ်မှု ရမယ်လို့လည်း ယုံကြည်ပါတယ်။ အဲ့ယုံကြည်မှုနဲ့အတူ ဒီကားလေးကိုရိုက်ဖို့အတွက် ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်”လို့ နေတိုးက ပြောပါတယ်။
You may also like these stories:
၃ နှစ်အကြာမှ နေတိုးနဲ့ ရုပ်ရှင်အတူ ပြန်တွဲရိုက်ဖြစ်တဲ့ မိုးဟေကို
သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပညာပေးရုပ်ရှင်တွေ ရိုက်ကူးထားတဲ့ နေတိုး
မေတိုးခိုင်ကို ဇာတ်ကားနဲ့ လိုက်ဖက်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးလို့ မြင်တဲ့ နေတိုး
မွေးရပ်မြေ မာန်အောင်မှာ ရုပ်ရှင်ရုံဆောက်ဖို့ ကြိုးစားနေတဲ့ သရုပ်ဆောင် နေတိုး