အလှမယ် တဦးဖြစ်သလို သရုပ်ဆောင်အဖြစ်လည်း လုပ်ကိုင်နေတဲ့ အလှမယ် ထက်ထက်ထွန်းကတော့ ဇာတ်ကားတွေ ရိုက်ကူးတဲ့အခါ ကာရိုက်တာကို သေချာ ရွေးချယ်ပြီး ရိုက်ကူးတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“တနေရာတည်းကို ကာရိုက်တာ ပုံသေ ရိုက်လိုက်ပြီဆိုရင် သရုပ်ဆောင် အများစုက နောက်ပိုင်း ဇာတ်ကားတွေလည်း ပုံသေ ကာရိုက်တာ တခုကိုပဲ လုပ်ရတာမျိုး ဖြစ်သွားတာတွေကြောင့် ထက် ကာရိုက်တာကိုတော့ သေချာရွေးပြီးတော့ ရိုက်ပါတယ်”
“လူတိုင်းကတော့ မင်းသမီး ဖြစ်ချင်ကြတာပဲ။ ဇာတ်ပို့၊ ဇာတ်ရံ လုပ်ချင်တဲ့သူက ရှားတယ်။ ဒါပေမဲ့ ကိုယ့်ကာရိုက်တာနဲ့ လိုက်ဖက်ပြီး အခြေအနေအရသာ ဇာတ်ပို့၊ ဇာတ်ရံ ဆိုပြီးတော့ ကြိုးစားပြီး လုပ်ကြတာတွေလည်း ရှိတယ်။ တချို့ကျတော့လည်း သရုပ်ဆောင်ကောင်း တယောက် ဖြစ်ချင်တာကြောင့် ကာရိုက်တာကို မရွေးဘဲ ကျရာနေရာကနေ သရုပ်ဆောင်တာမျိုးလည်း ရှိပါတယ်”လို့ ထက်ထက်ထွန်းက ပြောပါတယ်။
ဆက်လက်ပြီး ထက်ထက်ထွန်းကတော့ အနုပညာရှင်တွေဟာ တဦးနဲ့ တဦး ကံ၊ ဉာဏ်၊ လုံ့လ၊ ဝီရိယ မတူကြဘဲ သူ့အနေနဲ့ကတော့ မင်းသမီး ဖြစ်ချင်တာလို့ ဆိုပါတယ်။
“တယောက်နဲ့ တယောက်ကတော့ အမြင် မတူဘူး။ ကံ၊ ဉာဏ်၊ လုံ့လ ဝီရိယ မတူကြပါဘူး။ ထက်ကတော့ မင်းသမီး ဖြစ်ချင်တာပါ။ အစပိုင်းတုန်းကတော့ ကိုယ်ဘာလုပ်နိုင်လဲ ဆိုတာကို သိအောင်လို့ မိတ်ရအောင်လို့ အဆင်ပြေအောင် ရိုက်ပေးတာမျိုး ရှိတယ်။ ဧည့်သည်သရုပ်ဆောင်အဖြစ် ရိုက်ထားတာမျိုးတွေ လည်း ရှိပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ် လုပ်ကွက်ရတဲ့ ဇာတ်ကားမျိုးကိုပဲ သေချာစောင့်ပြီးတော့ ရွေးချယ်သွားမှာပါ”လို့ ထက်ထက်ထွန်းက ပြောပါတယ်။
ထက်ထက်ထွန်းက လတ်တလော အနုပညာ လှုပ်ရှားမှုအနေနဲ့ MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် “အကြင်နာ မြစ်ဖျား” ဇာတ်လမ်းတွဲကို အပြီးသတ် ရိုက်ပြီးရင် သရုပ်ဆောင် မြင့်မြတ်နဲ့ အောင်ပန်းမှာ ရုပ်ရှင်သွားရိုက်ဖို့ ရှိတယ်လို့ ပြောပါတယ်။
“လက်ရှိကတော့ ထက် “အကြင်နာမြစ်ဖျား” ဇာတ်လမ်းတွဲလေးကို အပြီးသတ် ရိုက်ကူးနေပါတယ်။ ပြီးရင် အဲဒီ ဇာတ်ကားကို ၈ လပိုင်းလောက်မှာ MRTV-4 ရုပ်သံလိုင်းကနေ စတင် ထုတ်လွှင့်ပြသသွားမှာပါ။ ဒီလကုန်လောက်မှာပဲ ဒါရိုက်တာ ကိုပြည်ဟိန်းသီဟနဲ့ အောင်ပန်းမှာ ရုပ်ရှင်ဇာတ်ကား သွားရိုက်ဖို့ ရှိပါတယ်။ မင်းသားကတော့ ကိုမြင့်မြတ်ပါ။ ဇာတ်ကားကတော့ ဟာသ သရဲ ဇာတ်ကားလေးပါ”
“ထက် ကာရိုက်တာကတော့ ကိုမြင့်မြတ်ရဲ့ရည်းစားနေရာက သရုပ်ဆောင်ရမယ်။ ယိုးဒယား မင်းသမီးလည်း ပါမယ်။ ထက်တို့ဆီက သရုပ်ဆောင်တွေလည်း အများကြီး ပါတယ်။ ဇာတ်ကတော့ အတိအကျ မသိရသေးပါဘူး။ ခြေထောက်က အရမ်းကွေးထားလို့လည်း မရဘူး။ ပုံမှန် ဒီလို သွားလာနေတဲ့ အချိန်ဆိုရင်တော့ အဆင်ပြေတယ်။ အကြာကြီး ထိုင်လို့ မရဘူး။ ကျန်တာကတော့ အဆင်ပြေပါတယ်”လို့ ထက်ထက်ထွန်းက ပြောပါတယ်။
အလှမယ် ထက်ထက်ထွန်းကတော့ Miss Universe Myanmar 2016 ကိုယ်စားပြု အလှမယ်တဦး ဖြစ်ပြီး Miss Universe ပြိုင်ပွဲကြီးမှာ National Costume ဆုကို ရရှိခဲ့ပါတယ်။ ထက်ထက်ထွန်းဟာ ဒီနှစ်၊ ပြီးခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲမှာလည်း မဲဆန္ဒနယ် အမှတ် (၃) ကနေ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။
You may also like these stories:
“သက်ငယ်မုဒိမ်း ကျင့်တဲ့ မုဒိမ်းကောင်တွေကို အရမ်း ရွံရှာတယ်”လို့ ထက်ထက်ထွန်း ပြော
“လမ်းဘေးခွေးတွေကို အဆိပ်ကျွေးသတ်တာမျိုး သဘော မတူဘူး”လို့ ထက်ထက်ထွန်း ပြော
“အပေးအယူ” ရုပ်ရှင်ရိုက်ရင်း ဒူးကွဲသွားလို့ ဆက်မရိုက်ဖြစ်တော့ဘူးလို့ ထက်ထက်ထွန်း ပြော
မိန်းကလေးတွေကိုလည်း ချစ်တတ်တဲ့ ထက်ထက်ထွန်း