လာမယ့် ဇူလိုင် ၁၉ ရက်နေ့ (အာဇာနည်နေ့) က စတင်ပြီး ရန်ကုန်မြို့ရှိ မျှော်စင်ကျွန်းမှာ ဖျော်ဖြေမယ့် မိုးရာသီ ဖျော်ဖြေပွဲမှာ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းက သစ္စာမေတ္တာ ရွှေမန်းသဘင်ရဲ့ ဖခင်ကြီး အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ရဲ့ ဇာတ်လမ်း၊ ဇာတ်ထုပ်များကို အော်ပရာအနေနဲ့ တင်ဆက်သွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။
“တနှစ်နဲ့ တနှစ် မတူပါဘူး၊ ဖျော်ဖြေ တင်ဆက်မှုတွေလည်း မတူသလို ပရိတ်သတ်လည်း မတူပါဘူး။ ဘိုးဘိုးကြီး (အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်) ရဲ့ ဇာတ်ထုပ် တော်တော်များကို ကမယ် ဆိုပေမယ့် အော်ပရာဆန်ဆန် ဇာတ်လမ်း၊ ကျနော်နိုင်တဲ့ ဟာမျိုးကို ကပါမယ်။ ဒီနှစ်ဆိုရင် ရိုးရာအမွေ ဆိုတာကို ကပါမယ်” လို့ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။
တင်မောင်ဆန်းမင်းဝင်းဟာ ယခု မိုးရာသီ ဖျော်ဖြေပွဲကို ၃ နှစ်မြောက် ဖျော်ဖြေ တင်ဆက်တာဖြစ်ပြီး၊ ရွှေမန်းတင်မောင် အောင်မြင်ခဲ့တဲ့ ဇာတ်လမ်း၊ ဇာတ်ထုပ်များကို ခေတ်နဲ့အညီ ဆန်းသစ်ကာ ပြန်လည် ဖော်ထုတ်ဖို့ ပရိသတ်များရဲ့ တောင်းဆိုမှုများကြောင့် ထိန်းသိမ်းတဲ့ အနေနဲ့ ကပြခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“မိုးရာသီဖျော်ဖြေပွဲက စတိတ်ရှိုး မပါ၊ ၃ နာရီစာ ဘောင်ဝင်အောင် လုပ်ရတာပါ။ အဲဒီတော့ ၃ နာရီအတွင်းမှာ ဘောင်ဝင်အောင် လုပ်ရတာဖြစ်တဲ့ အတွက် ဇာတ်ထုပ် ၁ ထုပ်၊ နှစ်ပါးတခွင်စာတောင် ၃ နာရီလောက် ကြာပါတယ်။ အဲဒီမှာ အချို့က အဘိုးရဲ့ဟာတွေကို ပြန်ဖော်ထုတ်ဖို့ ပြောကြတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဒီနှစ်မှာ အဘိုးအောင်မြင်ခဲ့တဲ့ ‘ထွက်ရပ်လမ်း’၊ ‘ဂီတရူး’ အပါအဝင် အခြားဟာတွေကိုလည်း အော်ပရာ ကောက်နှုတ်ချက်အဖြစ် တင်ဆက်သွားဖို့ ရှိပါတယ်”လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။
အခုလိုမျိုး ရွှေမန်းတင်မောင်ရဲ့ ဇာတ်လမ်း၊ ဇာတ်ထုပ်များကို ပြန်လည် ဖော်ထုတ် ကပြရာမှာ ခေတ်နဲ့ အညီ ရိုးရာအတိုင်း တင်ဆက်ပြပေးရမှာ ဖြစ်တာကြောင့် ဝေဖန်မှုများလည်း ရှိလာနိုင်တယ်လို့ သူက ဆိုပါတယ်။
“ကျနော်ကတော့ အဘိုးရဲ့ ဇာတ်ထုပ်တွေကို ပြန်ဖော်ထုတ်သွားမှာပါ။ ဖော်ထုတ်တဲ့အခါ အဘိုးနဲ့ မတူဘူးဆိုပြီး အပြောခံရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဘိုးတို့က ၃ နာရီစာလောက် ဓာတ်ပြား သွင်းခဲ့ကြတာကို ကျနော်တို့က ကဏ္ဍစုံ ၃ နာရီပဲရတာ ဆိုတော့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ အဲဒီမှာ ကျနော်မနိုင်တဲ့ အပိုင်းတွေဆိုရင် အဘိုးရဲ့ အသံ မူရင်းနဲ့ ဖန်တီးသွားဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် ကျနော့်ကို ခွင့်လွှတ် နားလည်ပေးပါ။ အမွေအနှစ်ကို ထိန်းသိမ်းရင်း ပရိတ်သတ်ကို ဖျော်ဖြေပေးသွားမှာပါ”လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။
မိုးရာသီ ဖျော်ဖြေပွဲဟာ စတိတ်ရှိုး ကဏ္ဍ မပါဘဲ အခြားကဏ္ဍစုံ ၃ နာရီသာ ဖျော်ဖြေရတာကြောင့် အချိန်ကိုငဲ့ကွက်ပြီး ကောက်နှုတ်ချက်များအဖြစ် တင်ဆက် ကပြရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး တင်မောင်ဆန်းမင်းဝင်းကတော့ အဘိုးတို့ ခေတ်က ယဉ်ကျေးမှုကို တတ်နိုင်သလောက် ထိန်းသိမ်းနေတယ်လို့ ဆိုပါတယ်။
“အမှန်တကယ် ခေတ်ကို ရင်ဘောင်တန်းပြီး အလုပ်လုပ်နေရတဲ့ မင်းသားတွေ ညံ့လို့၊ ကျနော်တို့ ညံ့လို့ သဘင်က မတိုးတက်တာလို့ မြင်ပါတယ်။ ဘာကြောင့် ညံ့တယ်ဆိုတာ ခေတ်နောက် လိုက်ကြရလို့ပါ။ ကျနော့် အနေနဲ့ကတော့ ယဉ်ကျေးမှုကို တတ်နိုင်သလောက် ထိန်းသိမ်းနေပါတယ်။ အဖေတို့၊ အဘိုးတို့ လက်ထက်က ဆင်းသက်လာတဲ့ အမွေအနှစ်ကို အော်ပရာတို့၊ နောက်ပိုင်း ကဏ္ဍတို့ကို အဖေတို့လက်ထက်အတိုင်း ဖျော်ဖြေနေပါတယ်”လို့ တင်မောင် ဆန်းမင်းဝင်းက ဆိုပါတယ်။
တင်မောင်ဆန်းမင်းဝင်းဟာ သစ္စာမေတ္တာ ရွှေမန်းသဘင်မှ မင်းသားကြီး ဦးဆန်းဝင်းရဲ့ သားဖြစ်ပြီး သဘင်လောကမှာ ဇာတ်ဦးစီး ခေါင်းဆောင် မင်းသားအဖြစ် နှစ် ၂၀ ခန့် ကပြဖျော်ဖြေလျက် ရှိပြီး သဘင်ပညာရပ်များကို ရိုးရာယဉ်ကျေးမှု အမွေအနှစ် တခုအဖြစ် လက်ဆင့်ကမ်း ထိန်းသိမ်းလျက်ရှိကြောင်း သိရပါတယ်။
တင်မောင်ဆန်းမင်းဝင်း ဦးဆောင် တင်ဆက်မယ့် မိုးရာသီ ဖျော်ဖြေပွဲကို အပတ်စဉ် သောကြာ၊ စနေညများမှာ ဖျော်ဖြေ တင်ဆက်သွားမှာ ဖြစ်ပြီး ရုပ်သံလိုင်းများနေကလည်း ပြန်လည် ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။