ကမ္ဘာကျော် “Titanic” ရုပ်ရှင်ထဲမှ အငြင်းပွားဖွယ် ဇာတ်ဝင်ခန်းအကြောင်း ပြန်လည် ဆွေးနွေး ငြင်းခုံကြတဲ့အခါ ဇာတ်လမ်းထဲမှာ ဂျက်ခ်ဒေါ်ဆန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Leonardo DiCaprio ကတော့ နှုတ်ဆိတ်နေခဲ့ပေမယ့် မင်းသား Brad Pitt နဲ့ မင်းသမီး Margot Robbie ကတော့ ဒါကို တော်တော်လေး စိတ်တိုင်းမကျ ဖြစ်နေခဲ့တာ တွေ့ရပါတယ်။
၁၉၉၇ ခုနှစ်တုန်းက နာမည်ကျော်ခဲ့တဲ့ ရုပ်ရှင်ထဲက မင်းသမီး Kate Winslet ရဲ့ ဇာတ်ကောင် ရို့စ်ဟာ ရေပေါ်မျောနေတဲ့ တံခါးတခုပေါ်မှာ တက်နေခဲ့ပြီး မင်းသား Leonardo ရဲ့ ဇာတ်ကောင် ဂျက်ခ်ကို ရေခဲရေထဲမှာ နေခဲ့ခိုင်းတဲ့ ဇာတ်ဝင်ခန်းကြောင့် အငြင်းပွားဖွယ် ပြောစရာတွေ ဖြစ်ခဲ့ရပါတယ်။ ဆယ်စုနှစ်နဲ့ ချီကြာခဲ့ပြီးတဲ့နောက် ပရိသတ်တွေကတော့ အဲ့ဒီ တံခါးဟာ ဂျက်ခ်နဲ့ ရို့စ်တို့ နှစ်ယောက်လုံးကို တင်ထားနိုင်တယ်လို့ စောဒက တက်ခဲ့ကြပါတယ်။ အဲ့ဒါဆိုရင် ဂျက်ခ်လည်း အသက်ရှင်ရမယ်လို့ ဆိုကြပါတယ်။
အဲ့ဒီအကြောင်းနဲ့ ပတ်သက်လို့ MTV ရုပ်သံနဲ့ ပြုလုပ်တဲ့အင်တာဗျူးတခုမှာ မင်းသမီး Margot က “ကျမ ကလေးဘဝ အဲ့ဒါကို ကြည့်တဲ့အချိန်မှာ တော်တော်လေး အော်ငေါက်ခဲ့ရတယ်”လို့ ဆိုပါတယ်။ ဒါပေမဲ့ မင်းသား Leonardo ကတော့ မှတ်ချက် တစုံတရာ ပေးပြောခဲ့တာမျိုး မရှိခဲ့ပါဘူး။
မင်းသမီး Margot ကတော့ အဲ့ဒီဇာတ်ဝင်ခန်းဟာ ခေတ်သစ်ရုပ်ရှင်သမိုင်းမှာ အကြီးမားဆုံး အငြင်းပွားဖွယ်ရာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒါကို မင်းသား Leonardo ကတော့ “အင်း ဖြစ်မှာပါ” လို့ ပြန်ဖြေပါတယ်။ အဲ့ဒီအဖြေကို မင်းသား Brad က သဘောကျပုံ မရပါဘူး။
ဒီအဖြေကို သဘောမကျတဲ့ မင်းသမီး Margot ကတော့ အငြင်းပွားစရာ မဖြစ်ရအောင် တံခါးကို ပိုသေးတာနဲ့ လဲပြီး ရိုက်လို့ မရဘူးလားလို့ ပြန်မေးပါတယ်။ မင်းသား Leonardo ကတော့ ပြန်မဖြေဘဲ ပြုံးပြီးနေခဲ့တာ တွေ့ရပါတယ်။ Titanic မင်းသမီး Winslet ကလည်း မင်းသမီး Margot နဲ့ သဘောထားချင်း တိုက်ဆိုင်ပါတယ်။
မင်းသမီး Winslet က “သူက အဲ့ဒီပေါ်မှာ တက်နေလို့ရတယ်။ အဲ့ဒီ တံခါးပေါ်မှာ တက်နေလို့ရတယ်” လို့ ၂၀၁၇ ခုနှစ်တုန်းက အရွှန်းဖောက်ပြောဆိုခဲ့ပါတယ်။ “Titanic” ဒါရိုက်တာကြီး James Cameron ကတော့ အခုနှစ်အတွင်းမှာပဲ BBC1 ကနေ ထုတ်လွှင့်ခဲ့တဲ့ Movies That Made Me” အစီအစဉ်မှာ ပရိသတ်တွေ ထင်ကြေးပေးပြောဆိုတဲ့ သီအိုရီတွေ အကြောင်း ဖြေရှင်းပြောခဲ့ပါတယ်။
အဲ့ဒါကို ဆွေးနွေးပြောဆိုမှုလို့ မမြင်ဘဲ ရူးကြောင်ကြောင် တွေးခေါ်မှုလို့ ထင်တဲ့ ဒါရိုက်တာကြီး Cameron က “အဲ့ဒီအကြောင်း ဆွေးနွေးပြောနေစရာ မလိုဘူး။ အဲ့ဒီလိုသာ ပြောကြေးဆိုရင် ရိုမီယိုနဲ့ ဂျူးလိယက်ဇာတ်လမ်းမှာ ရိုမီယိုက ဉာဏ်ကောင်းပြီး အဆိပ်မသောက်ခဲ့ဘူးဆိုရင်။ ဂျူးလိယက် ဓားနဲ့ထိုးဖို့ ဓားမြှောင်သာ ယူမလာခဲ့ဘူးဆိုရင် လုံးဝ ပြချင်တဲ့ အချက်နဲ့ လွဲသွားမှာပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။
You May Also Like This Story:
Titanic ရုပ်ရှင်ထဲက ဆွဲကြိုးနဲ့ လူမြင်ကွင်းကို ထွက်လာတဲ့ Celine Dion