ဖက်ရှင်နဲ့ ပတ်သက်လာရင် အမြဲတမ်း ထူးထူးခြားခြား ဝတ်ဆင်တတ်တဲ့ သင်ဇာဝင့်ကျော်က လတ်တလောမှာတော့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် အရမ်းဖော်တဲ့ ဖက်ရှင်တွေကို သိပ်မဝတ်ဖြစ်ဘူးလို့ ပြောပါတယ်။
“ဖက်ရှင်တွေက ငြိမ်နေတယ်၊ အရမ်း မဖော်ဖြစ်ဘူး ဆိုတာကလည်း ပရိသတ်တွေက အရမ်း တောင်းဆိုလာကြတယ်။ Sexy ဆိုပေမယ့် Classy ဖြစ်တဲ့ Sexy ဝတ်ပေးဖို့ သူတို့တွေ တောင်းဆိုတာကို လိုက်လျောတဲ့ အနေနဲ့ရော၊ ကိုယ်လည်း ရိုးသွားပြီ။ လူတိုင်း လိုက်ဝတ်လာကြတာကြောင့် သိပ်အပေါ်အလော်တွေ မဝတ်ဖြစ်တော့ဘူး”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။
ဆက်လက်ပြီး သင်ဇာဝင့်ကျော်ကတော့ သူ့ကို အားပေးတဲ့ ပရိသတ်တွေက သူ ဘယ်လိုပဲ ဝတ်ဝတ်၊ စိတ်ချမ်းသာရင် ပြီးရောလို့ ဆိုကြပြီး လုံလုံခြုံခြုံ မြန်မာဝတ်စုံ ဝတ်ဖို့လည်း တောင်းဆိုကြတယ်လို့ ဆိုပါတယ်။
“သင်ဇာ့ကို အရမ်းချစ်တဲ့ အမာခံ ပရိသတ်တွေက သင်ဇာ ဘယ်လိုပဲ ဝတ်ဝတ်၊ သင်ဇာ စိတ်ချမ်းသာရင် ပြီးရော။ တချို့ကလည်း အစ်မ အဲ့လိုတွေ မဝတ်ပါနဲ့၊ လုံလုံခြုံခြုံ မြန်မာဝတ်စုံလေးပဲ ဝတ်ပေးပါလို့ ပြောကြတယ်။ ကိုယ့်အလုပ်ကလည်း ဒီလို Sexy တွေ ဝတ်နေရတာဆိုတော့ အများကြီးတော့ လျှော့လို့ မရဘူး။ ပွဲတက်တာက သင်ဇာအတွက် သိပ်မပင်ပန်းဘူးပေါ့။ နယ်ပွဲတွေကျတော့ ပင်ပန်းတယ်၊ အချိန်ပေးရတာပေါ့” လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။
သင်ဇာဝင့်ကျော်က ယခုနောက်ပိုင်းမှာ သရုပ်ဆောင် အလုပ်ထက် ပွဲတက်ရတာ ပိုများပြီး အချိန်သေချာ ပေးနိုင်တဲ့အခါ ဇာတ်ကား ရိုက်ဖို့ လက်ခံထားတယ်လို့လည်း ဆိုပါတယ်။
“သရုပ်ဆောင် အလုပ်အတွက်လည်း ကိုယ်ရိုက်ချင်တဲ့ ဇာတ်လမ်းတွေကို စုထားတယ်။ အချိန်သေချာ ပေးပြီး ရိုက်ဦးမှာပါ။ ပွဲတက်ရင် ဒေါ်လာယူတယ်ဆိုတာ စုဖြစ်သွားအောင်လို့ပါ။ စုထားသမျှ ဒေါ်လာတွေကလည်း ပွဲတက်လို့ရတယ် ဆိုတာမျိုးလေး ဖြစ်အောင်ပေါ့။ ၈ လပိုင်းမှာ ဇာတ်ကားတကား ရိုက်ဖို့တော့ လက်ခံထားတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။
သင်ဇာဝင့်ကျော်ကတော့ ယခုနှစ် အတွင်းမှာ အနုပညာ လှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ကိုင်လျက် ရှိပြီး သူ ပါဝင်ထား သရုပ်ဆောင်ထားတဲ့ “အချစ်ဆုံး Crush” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း မကြာခင် ရုံတင် ပြသသွားမယ်လို့ သိရပါတယ်။
You May Also Like These Stories:
“ရတဲ့အချိန်မှာ ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရတဲ့သူ ဖြစ်ချင်တယ်”လို့ ပြောတဲ့ သင်ဇာဝင့်ကျော်
ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်ပြီး ရေခဲတောင်မှာ အင်္ကျီချွတ် ရိုက်ခဲ့တဲ့ သင်ဇာဝင့်ကျော်