Entertainment

အာဇာနည်နေ့နဲ့ ပတ်သက်ပြီး အနုပညာရှင်များရဲ့ အောက်မေ့ အမှတ်တရ စကားများ

Want create site? Find Free WordPress Themes and plugins.

ယခုနှစ်၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး သရုပ်ဆောင် လူမင်း၊ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ သရုပ်ဆောင် ဘုဏ်းသိုက်တို့ရဲ့ အောက်မေ့ အမှတ်တရ စကားများကို အခုလိုပဲ ဖော်ပြလိုက်ပါတယ်။

သရုပ်ဆောင် လူမင်း

“အာဇာနည်နေ့ နီးပြီဆိုကတည်းက တီဗီတွေမှာ အာဇာနည်နေ့အကြောင်းတွေ လွှင့်တော့ ပိုလို့ သတိရ၊ လွမ်းမိတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သတ်ရင် ကဗျာတွေ၊ စာတွေ ရေးကြ၊ ဖွဲ့ကြတယ်။ ရုပ်တုတွေ ထုကြတယ်။ သီချင်းတွေ ဆိုကြတယ်။ အနုပညာကဏ္ဍတွေက အသီးသီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီးတာဝန်ကျေကြတယ်လို့ ခံစားရတယ်”

“ကျနော်တို့ ရုပ်ရှင်လောက အနေနဲ့လည်း ဗိုလ်ချုပ်ရုပ်ရှင်ကား တကား ရိုက်သင့် ရိုက်ထိုက်တယ်လို့ ခံစားမိတယ်။ ဒီအတွက် ရိုက်ဖြစ်တော့မှာ ဖြစ်တဲ့အတွက်လည်း ကိုယ့်တိုင်းပြည်ရဲ့ကိုယ်စား ရုပ်ရှင်လောက ကိုယ်စား ဂုဏ်ယူတယ်။ ဗိုလ်ချုပ်အကြောင်း ရုပ်ရှင်ရိုက်တော့မယ်ဆိုတော့ ဗိုလ်ချုပ်အကြောင်း လေ့လာရတော့ ပိုသိတာပေါ့။ အဲ့အတွက် ကျနော် ဗိုလ်ချုပ်ရုပ်တုတွေ တွေ့ရင် ကလေးတွေကို အလေးမပြုခိုင်းဘူး။ ထိုင် ကန်တော့ခိုင်းတယ်။ အရမ်းကြည်ညိုဖို့ ကောင်းပါတယ်”

“ကျနော် အိမ်ကနေပဲ ဆုတောင်းဖို့ ရှိပါတယ်။ ကျနော့် စိတ်တွေက ဇာတ်ကားထဲမှာပဲ နှစ်ထားတယ်။ သွားတဲ့နေရာတိုင်း ဘယ်သူက ဇာတ်ကားထဲ ဇာတ်ရုပ်နဲ့ တူမလဲ ဆိုတာပဲ ကြည့်နေတာ။ အဲ့စိတ်နဲ့ပဲ နေနေတာဆိုတော့ ကျနော့်အတွက်က ဗိုလ်ချုပ်ကို အထူးအထွေ မျှော်မှန်း တမ်းတနေစရာ မရှိဘူး။ ကလေးတုန်းကတော့ အာဇာနည်နေ့ဆို အလေးပြုရတယ်ဆိုပဲ သိတာပေါ့။ အလေးအနက် မသိတော့ အရမ်း မလေးနက်ခဲ့ဘူးပေါ့”လို့ လူမင်းက ပြောပါတယ်။

ဒါရိုက်တာ ပန်းချီစိုးမိုး

“အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်ကတော့ ဟောပြောပွဲ ပြောတယ်။ အာဇာနည်တွေကို ဂုဏ်ပြုတာ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော် သုံးကျိပ်ကို ဂုဏ်ပြုတာ။ ရဲဘော် သုံးကျိပ်လည်း အာဇာနည်ပဲ။ မသေတဲ့လူတွေလည်း အာဇာနည်တွေ အများကြီးရှိတယ်။ နိုင်ငံ့အတွက်ကို အသက်စွန့်တဲ့ ပုဂ္ဂိုလ် မှန်သမျှ၊ သူရဲကောင်း မှန်သမျှ၊ ကိုယ့်တိုင်းပြည်ကိုယ် ကောင်းအောင် ကြိုးစားတဲ့သူအားလုံး လုပ်ရင်းကိုင်ရင်း စွန့်စားတဲ့ ရဲဘော်တွေလည်း အများကြီးပဲ။ သူတို့လည်း အာဇာနည်ပဲ။ အာဇာနည်အားလုံးကို အမြဲတမ်း လေးစားတယ်”လို့ ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောပါတယ်။

သရုပ်ဆောင် ဘုဏ်းသိုက်

“ဇူလိုင် ၁၉ ကြောင့်ပဲ အန်ကယ်လေး (ဦးလူမင်း) က ဇာတ်ညွှန်းရေးပေးပါလို့ တောင်းဆိုဖြစ်တာကို လက်ခံ ဖြစ်တယ်။ ဇူလိုင် ၁၉ မှာ သူလိုကိုယ်လို လူငယ်လေး တယောက်ကနေ နှစ် ၁၀၀ လောက် ကိုယ့်နိုင်ငံကို သူများနိုင်ငံက လုယူသွားတာကို ကိုယ့်နိုင်ငံကို ပြန်ခေါ်လာနိုင်တဲ့ အောင်ဆန်းပေါ့”

“လူငယ်တွေ အကုန်လုံးကလည်း ကျနော်တို့ နိုင်ငံရဲ့ သယံဇာတတွေ၊ လူငယ်တွေက ဘယ်သူမဆို သယံဇာတ ဖြစ်နိုင်တယ်။ ဖြစ်ခွင့် ရှိတယ်။ အောင်ဆန်းတွေ အများကြီး ထွက်လာစေချင်တယ်ဆိုတဲ့ စိတ်နဲ့ ကျနော်လည်း ဇာတ်ညွှန်းရေးဖြစ်တာပေါ့”လို့ ဗိုလ်ချုပ်ရုပ်ရှင်ကို ဇာတ်ညွှန်း ရေးနေတဲ့ သရုပ်ဆောင် ဘုဏ်းသိုက်က ပြောပါတယ်။

You may also like these stories:

အောက်မေ့ဖွယ်ရာ အထိမ်းအမှတ် အာဇာနည်နေ့ အကြောင်း

Did you find apk for android? You can find new Free Android Games and apps.
Loading