“အောင်ဆန်းရုပ်ရှင်” ဇာတ်ကားရဲ့ ဒဿမကြိမ်မြောက် အစည်းအဝေးမှာတော့ ရုပ်ရှင်ကို ဒီနှစ် စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးဖို့ရှိကြောင်း ဒါရိုက်တာလူမင်းက ဆိုပါတယ်။
“ကျနော်တို့ ဒဿမကြိမ်မြောက်အစည်းအဝေးအပြီးမှာ ကျနော်တို့ရိုက်ကူးရေးရက်ကို လျာထားသတ်မှတ်နိုင်ခဲ့ပါတယ်။ စက်တင်ဘာလကုန်လောက်မှာ ရိုက်ကူးရေးစတင်ဖို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ရိုက်ကူးရေးက ကျနော့်နောက်ကနေ ကြိုတင် ဖြည့်စွမ်းပြင်ဆင်မှုတွေ အမီလိုက်နိုင်တယ်ဆိုရင် ဇန်နဝါရီလလောက်မှာ အပြီးသတ်ရိုက်ကူးနိုင်ဖို့မျှော်လင့်တယ်”
“ ပြင်ဆင်မှုအနေနဲ့ အချို့အခန်းကဏ္ဍတွေက ၈၀%လောက်ထိပြင်ဆင်မှုပြီးနေပြီလို့ပြောလို့ရသလို တချို့ အခန်းကဏ္ဍတွေက ၄၀ ရာနှုန်း အသီးသီးပြင်ဆင်ဆဲကာလပေါ့။ ဇာတ်ကားကြီးက အပိုင်းပိုင်းတွေနဲ့ရိုက်ရမှာ ငယ်ဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ ရဲဘော်သုံးကျိတ်ဘဝ၊ နိုင်ငံရေးသမားဘဝကနေကျဆုံးတဲ့ထိ အပိုင်းတွေများတော့ သူ့အပိုင်းနဲ့သူ ပြင်ဆင်မှုပြီးတဲ့ အပိုင်းတွေစတင်ရိုက်ကူးရင်း ပြင်ဆင်ဖို့လိုအပ်တာတွေကို ဆက်လက်ပြင်ဆင်ရင်းနဲ့ သွားမှာပါ”
“ ကျော်ကျော်မျိုးကိုလည်း လုံးဝအပြည့်အဝယုံကြည်သလို လုံးဝလည်းစိတ်ချတယ်။ သူ့ဘဝတလျှောက်လုံး ဒီဇာတ်ကားကြီးအတွက် ရင်းပြီးစောင့်နေတာ။ အခုကိုယ်အလေးချိန် တွေလည်း ၂လအတွင်း ချထားပြီး အဆင်သင့်ဖြစ်နေပြီ။ သူ့ကြိုးစားမှုအတွက် ရာနှုန်းပြည့်ယုံကြည်ထားတယ်”လို့ လူမင်းက ပြောပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်က ဘဝနဲ့ရင်းပြီးတော့ ရိုက်ရတယ်လို့ခံယူထားတဲ့ ဒါရိုက်တာလူမင်းက ဇာတ်ကားရိုက်ကူးဖို့ တာဝန်ယူဖြစ်ပုံတွေကိုလည်း အခုလိုဆိုပါတယ်။
“ ဗိုလ်ချုပ်ရုပ်ရှင်က ဘဝနဲ့ရင်းပြီးတော့ ရိုက်ရတယ်လို့ခံယူတယ်။ ကျနော့်စီးပွားရေး ကျနော့်အလုပ်တွေ ပစ်ပြီးလုပ်ကိုင် နေတာ ရှေ့မှာလည်း စိန်ခေါ်မှုတွေ ဝေဖန်မှုတွေက ဆီးကြိုလို့နေတယ်။ ဘာကြောင့် ဒီအလုပ်ကို လုပ်လဲဆို နံပါတ်၁ ဗိုလ်ချုပ်ကို ချစ်တယ်၊ ကြည်ညိုလေးစားတဲ့ စိတ်ရှိတာကြောင့် နံပါတ်၂ ဒီဇာတ်ကားကြီးက အမေဒေါ်အောင်ဆန်းစုကြည် ဖြစ်ချင်တဲ့ ဆန္ဒတခု ။ ဒီချိန်ဒီနေရာမှာ ဒီတာဝန်က ကျနော့်ပေါ်ကျရောက်လာတဲ့ သမိုင်းပေး တာဝန်လို့ ခံယူတယ်။ အဲ့အတွက် ရှောင်မလွဲချင်ဘူး။ ရအောင်ထမ်းဆောင်မယ်ဆိုတဲ့ စိတ်တွေပါ ပါတယ်”
“ဗိုလ်ချုပ်ဇာတ်ကားကြန့်ကြာနေတာက အရှေ့အဖွဲ့မှာ လေးငါးခြောက်နှစ်ကြာခဲ့တာမှန်တယ်။ အဲ့တုန်းက ကျနော်တို့လည်း ဖြေရှင်းခဲ့တယ်။ ဘတ်ဂျက်က ရည်မှန်းချက်ကိုရောက်မလာတဲ့ အတွက် မရိုက်နိုင်ခဲ့ဘူး။ အခု ကျနော်က ဒါရိုက်တာ အဖြစ် တာဝန်ယူရိုက်ရမှာ တနှစ်ပဲရှိသေးတာဆိုတော့ အဲ့ရှေ့က ဖိစီးမှုတွေက ကျနော်ပေါ်ပိနေတယ်။ ကျနော်ကတော့ မြန်မြန်ရိုက်လိုက်ချင်ပြီ။ စရိုက်ရင် ငယ်ဘဝကနေ စရိုက်မယ်”လို့ လူမင်းက ပြောပါတယ်။
You may also like these stories:
ဗိုလ်ချုပ်ရုပ်ရှင်အတွက် စိုးရိမ်နေတဲ့ ပရိသတ်တွေကို မစိုးရိမ်ကြဖို့ လူမင်း ပြော
“ဗိုလ်ချုပ်ရုပ်ရှင်ကို ဘဝနဲ့ရင်းပြီး ရိုက်တယ်လို့ ခံယူထားတယ်”လို့ လူမင်း ပြော
ဗိုလ်ချုပ်အကြောင်း လူတွေ မှန်မှန်ကန်ကန် သိရဖို့နဲ့ အနုပညာ ဖန်တီးဖို့ ကြိုးစားနေတဲ့ ဘုဏ်းသိုက်
ဗိုလ်ချုပ်ရုပ်ရှင်ကို နိုင်ငံတကာ အဆင့်မီဖြစ်ဖို့ အာမခံတယ်လို့ ဒါရိုက်တာ လူမင်းပြော
ဗိုလ်ချုပ်ရုပ်ရှင်ကို အနုပညာကြေး မယူဘဲ ရိုက်ကူးမယ့် လူမင်း