အခုတခါမိတ်ဆက်ပေးမယ့်ရုပ်ရှင်ကတော့ ဒါရိုက်တာ Han Lee ရိုက်ကူးထားပြီး Woo-sung Jung ၊ Hyang-gi Kim တို့ အဓိကထားပါဝင်သရုပ်ဆောင်ထားတဲ့ Thriller အမျိုးအစား ကိုရီးယားရုပ်ရှင်တကားပဲဖြစ်ပါတယ်။
အော်တစ်ဇင်ရောဂါခံစားနေရတဲ့ Ji-woo ဟာ သူ့အိမ်ပြတင်းပေါက်ကနေပြီး အဘိုးအိုတယောက် အကြမ်းဖက် သတ်ဖြတ်ခံနေရတာကို တွေ့ရှိခဲ့တာပါ။ အဘိုးအိုဟာ ဇနီးဖြစ်သူကွယ်လွန်သွားခဲ့ပြီးနောက်ပိုင်းမှာ စိတ်ကျရောဂါ ခံစားနေရတာဖြစ်ပြီး အိမ်အကူနဲ့ နေထိုင်နေတာဖြစ်ပါတယ်။
Ji-woo တွေ့ခဲ့ရတဲ့မြင်ကွင်းကတော့ အဘိုးအိုဟာ ခေါင်းမှာ ပလတ်စတစ်အိတ်တလုံးစွပ်လျက် ရုန်းကန်နေရ တာဖြစ်ပြီး သူနဲ့အတူနေထိုင်တဲ့ အိမ်အကူကပါ ရုန်းကန်လှုပ်ရှားနေရတဲ့ မြင်ကွင်းလည်းဖြစ်ပါတယ်။
Soon-ho ကတော့ ဆင်းရဲတဲ့ ရှေ့နေတယောက်ဖြစ်ပြီး ဥပဒေအကြံပေးကုမ္ပဏီတခုမှာပဲ ကြိုးကြိုးစားစား လှုပ်ရှားအသက်မွေးနေရတဲ့ ရှေ့နေတယောက်ပါ။ ကျန်းမာရေး မကောင်းမွန်လှတဲ့ ဖခင်နဲ့အတူနေထိုင်နေတာဖြစ်ပြီး ဆပ်စရာကြွေးမြီတွေလည်း ရှိနေတာကြောင့် ငွေရေးကြေးရေးဟာလည်း သူတို့သားအဖနှစ်ယောက်အတွက် ခက်ခဲတဲ့အနေအထားမှာရှိနေတာပါ။
Soon-ho ရဲ့ ကုမ္ပဏီဟာ ပြည်သူတွေရဲ့ အမြင်မှာ ပုံရိပ်ကောင်းကို မရရှိတဲ့အတွက် Soon-ho ကို ကုမ္ပဏီရဲ့ ဥက္ကဋ္ဌကနေတဆင့် အဘိုးအိုသေဆုံးသွားတဲ့ အမှုမှာ သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရတဲ့ အိမ်အကူကို ကူညီဖို့ တာဝန်ပေးခဲ့တာဖြစ်ပြီး သူ့အတွက်လည်း ရာထူးနေရာတခုနဲ့ ရပိုင်ခွင့်တော်တော်များများကိုပါ ကမ်းလှမ်းခဲ့တာ ပဲဖြစ်ပါတယ်။
အိမ်အကူနဲ့ Soon-ho တွေ့ဆုံတဲ့အချိန်မှာတော့ အိမ်အကူဟာ ဒီအမှုကို သူမ မကျူးလွန်ကြောင်း ၊ နှစ်ပေါင်း ၂၀ ကျော် အဘိုးအိုနဲ့ နေထိုင်လာတာဖြစ်တဲ့အတွက်ကြောင့် မိသားစုတခုလိုသာ ခံစားရကြောင်း ၊ သူမမှာလည်း တကောင်ကြွက်သာဖြစ်ကြောင်း စတာတွေနဲ့ သူမကို ကူညီဖို့ Soon-ho ကို တောင်းပန်ပါတော့တယ်။
ဒါကြောင့်ပဲ ဒီအမှုရဲ့တဦးတည်းသော မျက်မြင်သက်သေဖြစ်တဲ့ အော်တစ်ဇင်ရောဂါသည် Ji-woo နဲ့တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။
ဇာတ်လမ်းရဲ့ အစပိုင်းမှာတော့ ဆွဲဆောင်မှုမရှိဘူးလို့ ထင်ရပေမယ့် ဒီအမှုမှာ မျက်မြင်သက်သေအဖြစ် Ji-woo ထွက်ဆိုလိုက်တဲ့အခါ ၊ အော်တစ်ဇင်ရောဂါသည်တယောက်ဟာ အခြားသာမန်လူတွေထက် အလိမ်အညာနဲ့ မုသားတွေ ကင်းမဲ့ကြောင်း သိရှိလိုက်ရတဲ့အခါမှာတော့ ရိုးစင်းတယ်ထင်ရတဲ့ ဇာတ်အိမ်တခုလုံးဟာ ကြည့်ရှုသူတွေကို စိတ်ဝင်စားစေမှာ အသေအချာပဲဖြစ်ပါတယ်။