Entertainment

ပွဲတွေ မတက်ဖြစ်တဲ့အကြောင်း ပြောပြတဲ့ ခီမောင်နှံ

Want create site? Find Free WordPress Themes and plugins.

ပြင်ပပွဲတွေမှာ အတွေ့ရနည်းတဲ့ သရုပ်ဆောင်ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့က ပွဲမတက်ဖြစ်ပေမယ့် အနုပညာကို သစ္စာရှိရှိနဲ့လုပ်ရင် ပရိသတ်တွေကလည်း အားပေးဖို့ အမြဲအဆင်သင့်ဖြစ်နေမယ်လို့ ယုံကြည်ကြောင်းဆိုပါတယ်။ အခုချိန်မှာတော့ “Now & Ever” ရုပ်ရှင်ကားကြီးအတွက် သီချင်းတွေ သွင်းနေသလို လုပ်စရာရှိတာတွေလည်း အကောင်းဆုံးလုပ်နေတယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ လောက ထုံးစံက အမြဲတမ်းကိုယ့်မျက်နှာကို ထွက်ပြတယ်။ ကြော်ငြာပဲဖြစ်ဖြစ် MTV ပဲဖြစ်ဖြစ် အမြဲတမ်းထိတွေ့နေမှ နာမည်တခုကို ထိန်းထားနိုင်မယ်ဆိုတာတွေရှိတယ်။ တသက်လုံးလည်း အဲ့လို ဖြစ်လာတယ်ပေါ့။ ကျနော်ကတော့ အဲ့ Trend ပြောင်းလာပြီလို့ သတ်မှတ်တယ်။ ပရိသတ်ကလည်း အရည်အသွေး ကို ဦးစားပေးတဲ့ ပရိသတ်လည်းဖြစ်လာပြီ။ ကိုယ်ကသာ စေတနာရှိရှိနဲ့ ကိုယ့်ရဲ့ အနုပညာမှာ သစ္စာရှိရှိနဲ့ လုပ်ရင် ပြန်ထွက်လာတိုင်း ပရိသတ်က အမြဲအဆင်သင့်ဖြစ်နေမယ်လို့ ယုံကြည်တယ်”

“ ဟောလိဝုဒ်တို့ ဘောလိဝုဒ်မှာပဲ ကြည့်ကြည့် သူတို့ ရုပ်ရှင်မင်းသားကြီးတွေ မင်းသမီးကြီးတွေ သူတို့ ကားတွေ တနှစ်နေမှတကြိမ် နှစ်နှစ်နေမှ တကြိမ်ထွက်တယ်။ ထွက်လာရင်လည်း ပရိသတ်က အပြည့်အဝအားပေးကြတယ်။ ကျနော့်အနေနဲ့ အမြဲထွက်နေစရာမလိုဘူးလို့ ထင်တယ်။ ကျနော်တို့ ထိုင်နေတာတော့ မဟုတ်ဘူး။ ကျနော်တို့ လုပ်စရာရှိတာတွေကိုတော့ အကောင်းဆုံးလုပ်နေပါတယ်။ ကျနော်တို့ Now& Ever အတွက် ကျနော်သီချင်းတွေ သွင်းနေပါတယ်”လို့ ဇဏ်ခီကပြောပါတယ်။

အနုပညာသမားတယောက်လို့ ခံယူထားတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကလည်း Now& Ever ကားကြီးကို ရှေ့လထဲမှာ ဆင်ဆာပြီးရင် ရုံတင်ဖို့ စီစဉ်မယ်လို့ ဆိုပါတယ်။ ခရစ္စတီးနားခီကလည်း ပရိသတ်ရှေ့ကို သိပ်မထွက်ဖြစ်တဲ့အကြောင်းကိုလည်း အခုလိုဆိုပါတယ်။

“ ကျမတို့က မီဒီယာတွေရှေ့မှာ သိပ်မတွေ့ရတာက အနုပညာရှင်သမားဟာ အနုပညာမှာ နံပါတ်၁ ဖြစ်ရမယ်။ ပေါ်ပြူလာဖြစ်စရာ မလိုဘူးလို့ ကျမတို့ သတ်မှတ်တယ်။ အဲ့အတွက် မီဒီယာကိုလည်း ရှောင်နေတာ မဟုတ်ဘူး။ ပရိသတ်ကိုလည်း ရှောင်နေတာ မဟုတ်ပါဘူး။ ကျမတို့ဟာ အင်မတန်အလုပ်များတဲ့ လူမျိုးတမျိုးဖြစ်တယ်ပေါ့။ မနက်မိုးလင်းကနေ ညမိုးချုပ်အထိ ကျမခေါင်းထဲ လုပ်စရာအများကြီးပဲ။ ကလေးကိုလည်း အချိန်ပေးရတယ်”

“ ပြင်ပနဲ့ သက်ဆိုင်တဲ့ပွဲတွေကျတော့ လွှတ်လိုက်ရတာတွေရှိတယ်။ ကျမတို့ အနုပညာသမားတွေက ပွဲတက်ရင် ငွေဖြုန်းရတာ တွေရှိတယ်။ မိတ်ကပ်ဆရာကို ပေးရတာရှိတယ်။ အဝတ်စားဖိုးတွေ ရှိမယ်။ ဒါတွေကို အရမ်းအကုန်ကျခံလိုက်ရင် ငွေနောက်လိုက်တဲ့ အနုပညာသမားဖြစ်ကို ဖြစ်သွားမယ်။ ကျမအဲ့လောက် ငွေမရှာနိုင်ဘူး။ ငွေမရှာနိုင်တော့ တော်ရုံတန်ရုံပွဲဆို သိပ်မတက်နိုင်ဘူး”

“Now& Ever ကို ရှေ့လထဲမှာ ဆင်ဆာတင်မယ်။ ဆင်ဆာအခြေအနေကောင်းရင် ရုံရက်ကြေညာမယ် ”လို့ ခရစ္စတီးနားခီကပြောပါတယ်။

“ဥပါယ်တံမျဉ်” ၊ “မုဒြာခေါ်သံ” ဇာတ်ကားတွေနဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ ခီမောင်နှံရဲ့ မကြာခင်ရုံတင်မယ့် “Now&Ever” ဇာတ်ကားကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ ခရစ္စတီးနားခီဟာ အခုဆိုရင် အောင်မြင်တဲ့ အမျိုးသမီး ဒါရိုက်တာတယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်နေပြီး ခင်ပွန်းဖြစ်သူ ဇဏ်ခီကလည်း အောင်မြင်တဲ့ မင်းသားတယောက်ဖြစ်နေပါပြီ။

You May Also Like These Stories:

“Now & Ever” ကို မြန်မာကားဖြစ်အောင် ရိုက်မယ့် ဒါရိုက်တာ ခရစ္စတီးနားခီ

သရုပ်ဆောင်ရွေးပွဲ လျှောက်သူတွေအတွက် ဇဏ်ခီရဲ့ အကြံပြုစကား

Did you find apk for android? You can find new Free Android Games and apps.
Loading