ကမ္ဘာကျော် ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်း (Amitabh Bachchan) ဟာ အိန္ဒိယနိုင်ငံ အာသံပြည်နယ် (Assam State) ရေဘေး ကြုံတွေ့ခဲ့ရသူတွေအတွက် ရူပီးငွေ ၅၁ သိန်း လှူဒါန်းခဲ့ပြီး ဒုက္ခသည်တွေကို လက်တွဲကူညီကြဖို့ ပြည်သူတွေကို တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
မင်းသားကြီးရဲ့ လှူဒါန်းမှုနဲ့ ပတ်သက်လို့ အာသံပြည်နယ် ဝန်ကြီးချုပ်က “ဝန်ကြီးချုပ်ရဲ့ အကူအညီပေးရေး ရန်ပုံငွေဆီကို ရူပီးငွေ ၅၁ သိန်း လှူဒါန်းခဲ့တဲ့အတွက် ရှရီအမီတာဘဂျမ်းကို ကျနော်တို့ ကျေးဇူးတင်ပါတယ်။ ဒါဟာ ပြည်သူတွေကို တကယ် ဂရုစိုက်ကြောင်း ပြသတဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။ ထောက်ပံ့ ကူညီပေးမှုအတွက် အာသံပြည်သူတွေ ကိုယ်စား ကျေးဇူးတင်ပါတယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
အဲ့ဒီ Twitter က ပို့စ်ကို ကိုးကားပြီး မင်းသားကြီး အမီတာကလည်း သူ့ရဲ့ပရိသတ်တွေထံ သူ့လိုမျိုး အကူအညီပေးဖို့ ပြောဆိုခဲ့ပါတယ်။ သူက “အာသံမှာ ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်လို့ တော်တော်လေး ဒုက္ခရောက်နေပါပြီ။ ညီအစ်ကို မောင်နှမတို့ရေ။ အကူအညီတွေ ဂရုစိုက်မှုတွေကို ပေးပို့ကြပါ။ ဝန်ကြီးချုပ်ရဲ့ အကူအညီပေးရေး ရန်ပုံငွေကို စိတ်အားထက်သန်စွာ ကူညီကြပါ။ ကျနော်ကတော့ ကူညီခဲ့ပါပြီ။ ခင်ဗျားတို့ကရော”လို့ ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ မင်းသား Akshay Kumar ဟာ ရေဘေးဒုက္ခသည်တွေကို ကူညီဖို့ ရူပီးငွေ ၂ ကုဋေ လှူဒါန်းခဲ့ပါတယ်။ အဲ့ဒီအလှူငွေထဲက ၁ ကုဋေကို အာသံ ဝန်ကြီးချုပ် အကူအညီပေးရေး ရန်ပုံငွေထဲထည့်ဖို့နဲ့ နောက် ၁ ကုဋေကို Kaziranga အမျိုးသားပန်းခြံ ကယ်ဆယ်ရေးအတွက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။
မင်းသားဟာ သူ့လိုမျိုး လှူဒါန်းကြဖို့ ပရိသတ်တွေကို တိုက်တွန်းခဲ့ပါသေးတယ်။ သူက “အာသံမှာ ရေကြီးမှုကြောင့် ပျက်စီးမှုတွေ ရှိခဲ့တာနဲ့ ပတ်သက်လို့ ကြားသိရတာ လုံးဝ စိတ်မကောင်းဖြစ်ရပါတယ်။ ထိခိုက်ခဲ့ရတဲ့ လူသားတွေနဲ့ တိရစ္ဆာန်တွေ အားလုံးအတွက် ကူညီထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။
သတင်းရင်းမြစ်တခုရဲ့ အဆိုအရ မင်းသား Akshay ဟာ အမြဲတစေ လှူဒါန်းမှုတွေ လုပ်ဆောင်လေ့ရှိသူ ဖြစ်ပြီး Kerala ရေကြီးမှုနဲ့ Chennai ရေကြီးမှုကြောင့် ဒုက္ခရောက်ခဲ့ရသူတွေအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့တာမျိုးလည်း ရှိပါတယ်။
အခုလိုမျိုး လှူဒါန်းမှုတွေကို ရှေ့တန်းကနေ လုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး အမီတာကတော့ လက်ရှိမှာ “Gulabo Sitabo” ရုပ်ရှင်ကို ရိုက်ကူးနေပါတယ်။ ဒါ့အပြင် သူဟာ Ranbir Kapoor နဲ့ Alia Bhatt တို့နဲ့ အတူ လာမယ့်နှစ်မှာ ရုံတင်မယ့် “Brahmastra” ရုပ်ရှင်မှာလည်း ပါဝင်ထားပါသေးတယ်။
Ref. hindustantimes
You may also like these stories:
ဘောလီဝုဒ်စတား အမီတာဘဂျမ်း လယ်သမား ၁ထောင်ကျော်၏ ကြွေးမြီများကို ရှင်းပေး
မင်္ဂလာသက်တမ်း ၄၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ မင်းသားကြီး အမီတာဘဂျမ်းတို့ ဇနီးမောင်နှံ
Kerala ရေဘေးဒုက္ခသည်များအတွက် လှူဒါန်းမှုများပြုလုပ်ခဲ့တဲ့ မင်းသားကြီး အမီတာဘဂျမ်း
အမီတာဘဂျမ်းနဲ့ အလုပ်အတူတွဲလုပ်ရတဲ့အခါ စာသားတွေမေ့သွားတဲ့ Aamir Khan