မြန်မာရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ခင်လှိုင်ကတော့ ဇာတ်ပို့၊ ဇာတ်ရံတွေ ရတဲ့ငွေက နည်းပါးတာကြောင့် ငွေစုမိဖို့ မလွယ်ကူကြောင်း ပြောပါတယ်။
“ကျနော်တို့ ဇာတ်ပို့၊ ဇာတ်ရံတွေ ရတဲ့ငွေက နည်းတယ်။ သရုပ်ဆောင်ကြေး ၁၀ သိန်း ရတဲ့သူ တယောက်ဆိုပါတော့ ၁၀ သိန်း တခါတည်းရတယ်ဆိုရင်တော့ သူစုမိကောင်း စုမိမှာပေါ့။ စရံက ၃ သိန်း ထုတ်လိုက်၊ စားလိုက်၊ သောက်လိုက်၊ ဇာတ်ကားအတွက် အဝတ်အစားလေး ဝယ်လိုက်၊ ၁၀ သိန်းမှာ ၃ သိန်း လောက်သုံးပြီး ၇ သိန်း ကျန်သေးတာပဲဆိုပြီး စိတ်ကူးနဲ့ သုံးတာပေါ့”
“နယ်ရောက်တော့လည်း ၁ သိန်း လောက်ပေးပါဦးဆိုပြီး စားသောက်နဲ့ ကားရှိတဲ့သူဆို ကားဆီ ထည့်ရတာနဲ့။ ပြန်ပြီဆိုရင် ၂ သိန်းလောက်ပဲ ကျန်တော့တယ်။ ၂ သိန်း ကျန်တာကို နောက်တကား မရိုက်ခင်အထိ သုံးနေကြတယ်။ နောက်ကားလည်း ဒီလိုပဲ လုပ်နေတော့။ ဒီလိုနဲ့ သံသရာလည် ဇာတ်ပို့၊ ဇာတ်ရံတွေက စုမိဖို့ မလွယ်ပါဘူး။ ကျနော်တို့တွေတောင် စုမိဖို့ မလွယ်တာ၊ သူတို့ဆို ပိုဆိုးတာပေါ့။ အိမ်က မိသားစုက ထိန်းထိန်းသိမ်းသိမ်းဆို တော်သေးတယ်။ အသုံးနဲ့ အဖြုန်းကို ခွဲခွဲခြားခြား မလုပ်မိလို့ မစုမိတာလည်း ဖြစ်နိုင်တယ်”လို့ ခင်လှိုင်က ပြောပါတယ်။
ဗီဒီယိုခေတ် ပျက်သွားတာကြောင့် ဇာတ်ပို့၊ ဇာတ်ရံတွေ သနားဖို့ကောင်းကြောင်းလည်း ခင်လှိုင်က ဆက်လက် ပြောပါတယ်။
“ပုံမှန်အားဖြင့် တလမှာ ဘယ်နှစ်ကားဆိုပြီး စာချုပ်ချုပ်ထားတာလဲ မရှိတဲ့အခါ အလုပ်က ပုံမှန် ဖြတ်သန်းလို့ မရတဲ့အခါ ဇာတ်ပို့ ဇာတ်ရံတွေ ဖြတ်သန်းရတာ သနားဖို့ ကောင်းတယ်။ အရင်တုန်းက ရုပ်ရှင်ကားကြီး မပါတဲ့သူက ဗီဒီယိုလေးတွေ ရိုက်ရတယ်။ အခုက ဗီဒီယို လုံးလုံး မရိုက်ရတော့ ရုပ်ရှင်ကားကြီးမှာကျတော့ ထုတ်လုပ်သူတွေက အငယ်တွေကို ဇာတ်ရံလောက်ပဲ သဘောထားတယ်”
“တန်းတခု ရှိတော့မှ ထဲထဲဝင်ဝင် ပါရတာပေါ့။ ကျနော်တို့ကတော့ အငယ်လေးတွေကို ဖြစ်စေချင်တယ်။ ကျနော် ကိုယ်တိုင်လည်း ၁ လကို ၂ ကား၊ ၃ ကား ရိုက်နေရတာ။ အခု ကျနော်တောင် ၁ လ ၁ ကား ခပ်ပါးပါးပဲ”လို့ ခင်လှိုင်က ပြောပါတယ်။
သရုပ်ဆောင် ခင်လှိုင်ရဲ့ အနုပညာသက်တမ်း ၂၅ နှစ် ကျော်လာပါပြီ။ သူ့ကိုတော့ ဟာသသရုပ်ဆောင် အနေနဲ့ ဗီဒီယို ဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြပြီး အခုလက်ရှိ အချိန်အထိ ပရိသတ် ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေပါတယ်။
You may also like these stories:
“ငယ်ငယ်တုန်းက ဆင်းရဲခဲ့တော့ သားသမီးတွေ လူတန်းစေ့ နေနိုင်အောင် ကြိုးစားခဲ့ရတယ်”
“ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အရေးယူရင် ပြစ်မှုကျူးလွန်သူတွေ လျော့သွားမှာပါ”လို့ ခင်လှိုင် ပြော
“အစ်ကို နှစ်ယောက်ကို ကြည့်ပြီး အချစ်ရေး မစဉ်းစားသေးဘူး”လို့ ပြောတဲ့ သဇင်ထူးမြင့်
“ဇဝန” ဖောင်ဒေးရှင်းကနေ လစဉ် လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတဲ့ သရုပ်ဆောင် ခင်လှိုင်