ဒါရိုက်တာ ခရစ္စတီးနားခီကတော့ သူရိုက်ကူးထားတဲ့ “ထာဝရနှောင်ကြိုး” (Now and Ever) ရုပ်ရှင်ကား အချိန် ကြာနေတာနဲ့ ပတ်သက်ပြီး ရုံပေါ်ရောက်လာတဲ့အခါ ဘာကြောင့် ကြာနေတာလဲဆိုတာ သိရမယ်လို့ ပြောပါတယ်။
“ကျမတို့ ဇာတ်ကားထွက်ဖို့ ကြာနေပြီလို့ ပရိသတ်တွေက ထင်လိမ့်မယ်။ ကျမတို့အတွက် အချိန် လုံးဝ မလောက်ဘူး။ နေ့ရော ညရော လုပ်တယ်ပေါ့။ နှစ်ကျော့ သုံးကျော့လောက် တာဝန်ယူရတဲ့ အပိုင်းတွေ ဖြစ်လာတယ်။ ကိုဇဏ်ဆိုရင် ဘာမှ မလုပ်တော့တာ သူ့ဆီလာတဲ့ ဇာတ်ညွှန်းတွေကို ဖတ်လည်း မဖတ်ဘူး။ တခြားမှာလည်း သွားမရိုက်ဘူး။ ဒီဇာတ်ကားထဲကိုပဲ အကုန်ထည့်ပေးနေတယ်”
“ဒါပေမဲ့လည်း ကျမတို့ ထင်ထားသလို တနှစ် ၁ ကားဆိုတာလည်း မဖြစ်လာဘူး။ အရမ်း လုပ်ရတယ်။ အဲ့ဒါလေးတွေကို နားလည်ပေးပါ။ ရုပ်ရှင်ရုံပေါ် ရောက်လာရင် ဘာကြောင့် ဒီလောက်ကြာလဲ ဆိုတာကို သိရပါမယ်။ အရမ်းတော့ အောင်မြင်ချင်တယ်။ ဒီထက်ကောင်းတဲ့ ကားတွေ ပိုရိုက်ချင်တယ်။ ဒီထက် ကောင်းတဲ့ကားကို ဆက်ရိုက်ဖို့ ‘ထာဝရနှောင်ကြိုး’ က အရမ်းအောင်မြင်မှ လုပ်လို့ ရမှာပါ”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။
ဆက်လက်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီက မြန်မာနိုင်ငံမှာ ရုပ်ရှင်ရုံတွေ ပိုများလာပေမယ့် မလုံလောက်သေးတာကြောင့် ဒီထက်ပိုပြီး ရုံတွေ ပိုများဖို့နဲ့ ကြည့်တဲ့သူတွေ ပိုများလာဖို့ ဆုတောင်းတယ်လို့ ဆိုပါတယ်။
“ရုပ်ရှင်ရုံတွေ များလာတယ်ဆိုပေမယ့် ကျမတို့ နိုင်ငံအတွက်တော့ မလုံလောက်သေးပါဘူး။ ရုံတွေရဲ့ အနေအထားပေါ်မှာ မူတည်ပြီး ပြန်ရငွေက တွက်ကြည့်လို့ ရတယ်။ ပြန်ရငွေ နည်းနေသေးသရွေ့တော့ ကျမတို့ ရုပ်ရှင်သွားရတဲ့ နှုန်းက နှေးနေဦးမှာပဲ။ ဇာတ်ကားရိုက်ပြီးသွားရင် ပြဖို့ ရုံက နည်းနေတော့ ရုံရက် ရဖို့ကလည်း စောင့်ရတယ်။ ရုံများများဖြစ်လာရင်တော့ ဒီဘက်ကလည်း များများ ရိုက်လို့ရတာပေါ့။ ဒီထက်ပိုပြီး ရုံတွေ ပိုများလာပါစေ။ ကြည့်တဲ့သူတွေ ပိုများလာပါစေပဲ ဆုတောင်းတယ်”လို့ ခရစ္စတီးနားခီက ဆိုပါတယ်။
“ဇာတ်ကားတွေ ရုံတင်ဖို့ အရမ်းကြာတော့ ပရိုဂျူဆာတွေအတွက် မကိုက်တော့ဘူး ပိုပို ဖြစ်လာတာပေါ့။ အဲ့အခါကျတော့ မကိုက်လေ၊ လျော့ရိုက်တာတွေကို ဒါရိုက်တာတွေက ထိပ်တိုက် ရင်ဆိုင်ရတာပေါ့။ ငွေရေးကြေးရေးက ဒါရိုက်တာ ကိုင်တာ မဟုတ်ပေမယ့် ငွေကြေး အမြတ်အရှုံးပေါ် မူတည်ပြီး ဒါရိုက်တာ လုပ်ပိုင်ခွင့်ကလည်း လျော့သွားတယ်လေ”
“အဲ့တော့ သေချာ ရိုက်မှလည်း ရုံတွေကလည်း တင်မယ့် သဘော ဖြစ်လာတယ်။ သူတို့ကလည်း Business လုပ်နေတာဆိုတော့ ငွေရေးကြေးရေး မြတ်မှပဲ လူလာကြည့်မယ့် ကားမျိုးကို တင်မှာပေါ့။ ဘယ်သူ့ကိုမှလည်း အပြစ်ပြောလို့ မရဘူး ဖြစ်နေတာပေါ့”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။
ဒါရိုက်တာ ခရစ္စတီးနားခီကတော့ “ဥပါယ်တံမျဉ်”၊ “မုဒြာရဲ့ခေါ်သံ” စတဲ့ ရုပ်ရှင်ကားများနဲ့ အောင်မြင်တဲ့ အမျိုးသမီး ဒါရိုက်တာ တယောက်ဖြစ်ပြီး လက်ရှိမှာလည်း သူ့ရဲ့ တတိယမြောက် ရုပ်ရှင်ကား “ထာဝရနှောင်ကြိုး” အတွက် အကောင်းဆုံး ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ခင်ပွန်းဖြစ်သူ ဇဏ်ခီကလည်း အောင်မြင်တဲ့ မင်းသား တလက်ဖြစ်ပြီး သူတို့နှစ်ဦးကို ခီမောင်နှံ အဖြစ် ပရိသတ်က အထူးအားပေးလျက်ရှိပါတယ်။
You may also like these stories:
ပွဲတွေ မတက်ဖြစ်တဲ့အကြောင်း ပြောပြတဲ့ ခီမောင်နှံ
“အခုချိန်မှာ ဆင်ဆာမိမှာကို အကြောက်ဆုံးပဲ”လို့ ပြောလာတဲ့ ခရစ္စတီးနားခီ
သားလေးရဲ့ ဘာသာစကား မကွဲပြားတဲ့ ပြဿနာအကြောင်း ပြောပြတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ
“အနုပညာလောကမှာ ဘယ်သူမှ နှိုင်းယှဉ်ခံရတာကို မကြိုက်ကြဘူး”လို့ ဇဏ်ခီပြော