MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲများမှတဆင့် ပရိသတ်များ သိရှိလာခဲ့တဲ့ သရုပ်ဆောင် မြတ်သူသူဇင်ဟာ စာသင်တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကနေ သရုပ်ဆောင် တယောက် ဖြစ်လာတဲ့အပေါ် နောင်တ ရတာမျိုး မရှိဘဲ တခါတရံ အထင်သေးခံရင် ရှက်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“နောင်တတော့ မရဘူး။ ဝမ်းနည်းတယ်။ တခါတလေ အထင်သေးခံရရင် ရှက်တယ်။ မဟုတ်ဘဲနဲ့ အပြောခံရရင် ရှက်တယ်။ စိတ်တိုတယ်။ အဲ့စိတ်တွေပဲ ရှိတယ်။ ဒါပေမဲ့ ကိုယ့်လုပ်ချင်တဲ့ အလုပ်တခုနဲ့ အသက်မွေးဝမ်းကြောင်းပြုဖို့ဆိုတာ လူတိုင်းမှာ မလွယ်ကူနိုင်ဘူး။ အမြဲတမ်း တွေးတယ်။ ငါလုပ်ချင်တဲ့ အလုပ်တခုကို ငါဝါသနာပါတာကို အသက်မွေးဝမ်းကြောင်း ပြုနေရတာ သူများထက်စာရင် အဆင်ပြေတယ်။ အဲ့လိုမျိုး အတွေးနဲ့ပဲ လဲကျလည်း ပြန်ထတယ်။ နောက်ပြန်ဆုတ်ချင်တဲ့ စိတ်တော့ မရှိဘူး”လို့ မြတ်သူသူဇင်က ပြောပါတယ်။
သရုပ်ဆောင်တယောက် မဖြစ်ခင်အချိန်မှာတော့ စာသင်တဲ့ ဆရာမတယောက် အနေနဲ့ ရပ်တည်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှ စတင်ကာ Miss ပြိုင်ပွဲ တပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာကနေ သင်တန်းများစွာ တက်ရောက်ကာ သရုပ်ဆောင် တယောက် ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
“ဝါသနာ ပါခဲ့ပေမယ့် ကိုယ့်ဘာသာ တခြား အသက်မွေးဝမ်းကြောင်းတခုနဲ့ ရပ်တည်နေခဲ့တာ။ ကံအကြောင်း တိုက်ဆိုင်ပြီး ဒီလောကထဲ ရောက်လာတဲ့အချိန်မှာ ကိုယ့်ရဲ့ ပိုက်ဆံ ရနေတဲ့အလုပ်ကြီး တခုလုံးကို ဘုရင့်နောင်ဖောင်ဖျက် ကျောင်းသားတွေကအစ မျက်နှာလွှဲ ခဲပစ်လုပ်ပြီး ဒီထဲကို ဝင်လာခဲ့ရတာ။ ဝင်လာတဲ့ အချိန်တုန်းကလည်း အဆက်အသွယ် မရှိ၊ ဘာမရှိနဲ့ အရမ်းခက်ခဲတယ်။ ဒါပေမဲ့ ခက်ခဲတဲ့နေရာကနေ အခုချိန်ထိ မြတ်သူကိုသိတဲ့ ပရိသတ် အနည်းစုပေါ့။ အဲ့လို သိလာအောင် ကိုယ်ကြိုးစားခဲ့ရတာ အဲဒါကြောင့် လောဘကြီးတယ်။ လုပ်ချင်တဲ့ ကာရိုက်တာလည်း များတယ်”လို့ မြတ်သူသူဇင်က ပြောပါတယ်။
အနုပညာနဲ့ ပတ်သက်ရင် လောဘကြီးပြီး အနုပညာအလုပ်ဟာ စီးပွားရေးတခုဖြစ်သလို ဘဝရဲ့ရပ်တည်ချက်ဖြစ်လာတယ်လို့ မြတ်သူသူဇင်က ဆိုပါတယ်။
“အနုပညာနဲ့ ပတ်သက်ပြီးတော့ လောဘကြီးတယ်။ ဒါက ကိုယ့်ရဲ့ စီးပွားရေး ဖြစ်တယ်။ ဘဝ ရပ်တည်ချက်ဖြစ်တယ်။ ပြီးတော့ ကိုယ်လုပ်တတ်တာလည်း ဒီတခုတည်း ရှိတယ်။ ဒါကလည်း ဝါသနာ အရမ်းပါတယ်။ ဒီလမ်းကြောင်းပေါ်ကို ရောက်လာဖို့အတွက်က သူများတွေလို နောက်ခံ Background ရှိလို့၊ အဆက်အသွယ်ရှိလို့၊ အရမ်းချောမောလှပနေလို့၊ အရည်အချင်းတွေ အရမ်းပြည့်စုံနေလို့ ကိုယ်က အဲ့လို ရောက်လာတာ မဟုတ်ဘူး”လို့ မြတ်သူသူဇင်က ပြောပါတယ်။
မြတ်သူသူဇင် ပါဝင်ခဲ့တဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲဟာလည်း ပရိသတ်ကြားမှာ ရေပန်းစားခဲ့ပြီး မြညို ကာရိုက်တာနဲ့ သူ့ကို ပရိသတ်တွေ အထူး အားပေးခဲ့ကြပါတယ်။ အခုအချိန်မှာတော့ မြတ်သူသူဇင်ဟာ ဇာတ်လမ်းတွဲ ၇ ခု ရိုက်ကူး ပြီးစီးသွားပြီဖြစ်ပြီး မကြာခင်မှာလည်း သူပါဝင်ထားတဲ့ “တတိယမြောက်ဆုံမှတ်” ဇာတ်လမ်းတွဲ ပြသတော့မှာ ဖြစ်ပါတယ်။
You may also like these stories:
“ပျားရည်အိုင်”တဖွဲ့လုံး ကိုယ်စား ဆုရလိုက်တယ်လို့ သတ်မှတ်ထားတဲ့ မေမီကိုကို
“ပျားရည်အိုင်”ဇာတ်လမ်းတွဲ ပြီးသွားမှာ နှမြောနေတဲ့ မေမီကိုကို