အနုပညာလောကထဲမှာ လူချစ်လူခင် ပေါများတယ်လို့ လူသိများတဲ့ ဟောင်ကောင်မင်းသား Simon Yam ဟာ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ တောင်းဆိုချက် အများစုကိုတော့ လက်ရှိအချိန်မှာတော့ လက်ခံဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က တရုတ်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ Zhongshan မြို့မှာ ဓားထိုးခံခဲ့ရပြီးနောက် သူ့ရဲ့ စီမံခန့်ခွဲရေး အေဂျင်စီက ပရိသတ် တွေ့ဆုံမှုတွေနဲ့ ပတ်သက်လို့ ပိုပြီး စိစစ်သွားမယ်လို့ ဆိုပါတယ်။ အဲ့ဒီလိုမျိုး ပွဲအခမ်းအနားတွေအတွက် လုံခြုံရေးဆိုင်ရာ စီမံမှုတွေကို အဆင့်မြှင့်သွားမှာဖြစ်ပြီး နောက်နောင် အလားတူ တိုက်ခိုက်မှုမျိုးကို အပြည့်အဝ ကာကွယ်ဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ မင်းသား Yam ကို ဓားနဲ့ ထိုးပြီး လက်ကို ဓားနဲ့ ခုတ်ခဲ့တဲ့ အမျိုးသားကတော့ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်သူ ဖြစ်တယ်လို့ ဆိုပါတယ်။ မင်းသားဟာ ကနဦးမှာတော့ တရုတ်နိုင်ငံမှာ ဆေးကုသမှု ခံယူခဲ့ပြီး ဟောင်ကောင်ကို ပြောင်းရွှေ့ခဲ့တာပါ။ အဲ့ဒီနောက် ခွဲစိတ်မှုတခုကို ထပ်မံခံယူခဲ့ရပါတယ်။
အဲ့ဒီ ဒုတိယမြောက် ခွဲစိတ်မှုမှာတော့ သူ့ရဲ့ လက်ချောင်းထဲက အာရုံကြောတွေ ထိခိုက်မှု မရှိစေရေးအတွက် သေချာအောင် လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့မှာပဲ ဆေးရုံကနေ ဆင်းသွားပြီဖြစ်တဲ့ Yam ဟာသူ့ရဲ့ ကံဆိုးမှုကို မိသားစုတွေထံ အကျိုးသက်ရောက်မှု မရှိစေဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
on.cc Portal ရဲ့ အဆိုအရ သူ့ရဲ့ ဇနီး စူပါမော်ဒယ် Qi Qi က “သူက ကျမတို့ကို သတင်းကောင်းတွေပဲ။ ဘယ်တော့မှာ သတင်းဆိုးကို မပြောဘူး။ သူ့ကို ကျမတို့ စိတ်မပူစေချင်ဘူး။ ဒါကြောင့် သူ မကြာခင် ပြန်ကောင်းလာလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။ မိသားစုတွေသာမက သူ့ရဲ့မိတ်ဆွေ သူငယ်ချင်းတွေကလည်း စိတ်ပူနေလိမ့်မယ်လို့ ကျမထင်ပါတယ်။ ဒါပေမဲ့ အရာအားလုံး အဆင်ပြေသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
လူကောင်း သူကောင်းလို့ ဆိုကြတဲ့ မင်းသား Yam ဟာ Zhongshan မြို့မှာ လုပ်ခဲ့တဲ့ ပွဲစီစဉ်သူတွေထံ နစ်နာကြေးကိုလည်း တောင်းခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ပွဲစီစဉ်သူတွေရဲ့ အပြစ်လို့ မခံယူဘဲ တိုက်ခိုက်ခဲ့သူရဲ့ စိတ်ကျန်းမာရေးကို ကူညီဖို့သာ ပိုအရေးကြီးတယ်လို့ မင်းသားက ခံစားနေရတဲ့ အကြောင်း သူ့မန်နေဂျာက ပြောဆိုခဲ့ပါတယ်။ မင်းသားရဲ့ ဆေးကုသ ကုန်ကျစရိတ် အားလုံးကို အေဂျင်စီက ကျခံမယ်လို့ မန်နေဂျာက ဆိုပါတယ်။
Ref. asiaone