မကြာခင် ရုံတင်မယ့် “သူစိမ်းအိမ်” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ လင်းဇာနည်ဇော်က ဒီဇာတ်ကားကို ကြည့်ပြီးတာ ၃ ခေါက်ရှိပြီ ဖြစ်ပေမယ့် မရိုးသေးဘူးလို့ ပြောပါတယ်။
“သူစိမ်းအိမ်ကို ကြည့်တာ ၃ ခေါက် ရှိပြီပေါ့။ ၃ ခေါက်ကြည့်တာတောင် မရိုးသေးဘူးလို့ ပြောရတယ်။ ခါတိုင်း ကားတွေ ကြည့်ရင် ၁ ခါ၊ ၂ ခါ ကြည့်ပြီးရင် ပျင်းသွားတတ်တယ်လေ။ ၃ ခေါက်ထိကြည့်ပြီး မပျင်းသေးဘူးပေါ့။ ကျမ ကာရိုက်တာတော့ သိပ်ပြီး မပြောပြချင်ဘူး။ ဒီကားကို ရိုက်ဖြစ်တာက ကိုထူးပိုင် ပြောချိန်မှာ ကျမ ကားမရိုက်တာ ကြာပြီလေ။ အပြင်အလုပ်တွေ လုပ်နေတဲ့အတွက် တခြားသူပဲ ပြောင်းပါလားဆိုတော့ မဟုတ်ဘူး၊ ဒီနေရာမှာ မလင်း မျက်နှာနဲ့ကိုပဲ အံဝင်ခွင်ကျ ဖြစ်တယ်ဆိုတာနဲ့ ရိုက်ဖြစ်တာပါ”လို့ လင်းဇာနည်ဇော်က ပြောပါတယ်။
ဆက်လက်ပြီး ဒီဇာတ်ကားက သာမန် ဇာတ်ကားတွေနဲ့ မတူဘဲ ဆန်းသစ်ပြီး ဒါရိုက်တာ ထူးပိုင်ဇော်ဦးကိုလည်း နှစ်သက်တာကြောင့် လက်ခံဖြစ်ခဲ့တာလို့ လင်းဇာနည်ဇော်က ဆိုပါတယ်။
“ဇာတ်လေးက တော်တော်လေး ဆန်းတာရယ်၊ ထူးပိုင် ရိုက်တဲ့ ‘ည’ကားကို ကျမ ကြည့်ပြီးကတည်းက ထူးပိုင်ဇော်ဦးကို ကိုယ်အသိအမှတ် ပြုထားတဲ့ ဒါရိုက်တာလည်း ဖြစ်နေတော့ လက်ခံဖြစ်တာပါ။ သရုပ်ဆောင်သစ်တွေ အရမ်းတော်ပြီး အရမ်းကောင်းကြပါတယ်။ ကျမကကျတော့ အနုပညာသမား တယောက် ဖြစ်တဲ့အတွက် ကိုယ်လောက တိုးတက်လေ ကြိုက်လေပဲပေါ့။ အခု သူတို့ လူငယ်လေးတွေ ဆိုပေမယ့် အရမ်းတော်ကြတယ်”လို့ လင်းဇာနည်ဇော်က ပြောပါတယ်။
လင်းဇာနည်ဇော်ကတော့ အနုပညာကို ဝါသနာပါပေမယ့် စီးပွားရေးလုပ်နေတာကြောင့် အနုပညာ အလုပ်တွေ နည်းနေတဲ့အကြောင်းကိုလည်း အခုလိုပဲ ပြောပါတယ်။
“အနုပညာအလုပ် ဆိုတာကတော့ အရင်တုန်းကလောက်တော့ အများကြီး ရိုက်ရတာမျိုး မရှိပါဘူး။ ကိုယ့်အသက်အရွယ်နဲ့ကတော့ ကာရိုက်တာပိုင်းကို အရမ်းကြီး ရွေးသွားပြီဆိုတော့ ဇာတ်ကား ရိုက်တာကတော့ နည်းပါတယ်။ အပြင်အလုပ်တွေကိုပဲ အဓိက လုပ်ဖြစ်ပါတယ်။ အနုပညာအလုပ်က ကိုယ်အရမ်း ဝါသနာပါတဲ့အလုပ် ဖြစ်နေတာကြောင့် လုပ်တာကတော့ လုပ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း ဇာတ်လမ်းတွဲလေးတခု ရိုက်ဖြစ်ပါတယ်”
“ရိုက်တဲ့ သူတွေကတော့ ရိုက်နေကြပါတယ်။ ကိုယ်တွေကတော့ ကလေးတွေနဲ့ သွားယှဉ်လို့တော့ မရတော့ပါဘူး။ သွက်သွက်လက်လက် လုပ်နိုင်တဲ့အချိန်လည်း မဟုတ်ပါဘူး။ ကိုယ်က အနုပညာအလုပ်တွေကို ဝါသနာ ပါပေမယ့်လည်း သမီးလေးကလည်း ရှိသေးတော့ စီးပွားရေးကလည်း လုပ်ရပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ အနုပညာ အလုပ်တွေ လုပ်တာ နည်းတာပါ။ အခြားအလုပ်တွေလည်း သူ့ဟာနဲ့ သူတော့ အဆင်ပြေပါတယ်”လို့ လင်းဇာနည်ဇော်က ပြောပါတယ်။
သရုပ်ဆောင် လင်းဇာနည်ဇော်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို သိပ်လုပ်ကိုင်တာ မတွေ့ရတော့ဘဲ အစ်မဖြစ်သူ ချစ်ချစ်ဇော်နဲ့ အတူ ပွဲတွေမှာ ဝါသနာအရ ရွှေတောင်ခေါက်ဆွဲ ချက်ပြုတ် ရောင်းချတဲ့ အလုပ်ကို လုပ်ကိုင်နေပါတယ်။
ဒါ့အပြင် လင်ဇာနည်ဇော်တို့ မောင်နှမများက ကိုယ်ပိုင်ရုပ်ရှင် ထုတ်လုပ်ရေးတခု တည်ထောင်ထားပြီး သူတို့ရဲ့ ထုတ်လုပ်ရေးကနေ ပထမဆုံး ပွဲဦးထွက် ဇာတ်ကားအဖြစ် “မြန်မာပေါကားတွေ ရပ်”ဆိုတဲ့ ရုပ်ရှင်ကား ရိုက်ကူးထားတယ်လို့ သိရပါတယ်။
You may also like these stories:
လူသတ်ခန်းတွေ ပါလို့ ၁၃ နှစ်အောက် ကလေးတွေ ကြည့်ဖို့ မသင့်တော်တဲ့ “သူစိမ်းအိမ်”
“ဘယ်ဇာတ်ကား အမျိုးအစားရိုက်ရိုက် အရည်အသွေးကောင်းဖို့က အရေးကြီးတယ်”
“ခသုံးလုံးရဲ့ တတိယမြောက်ရုပ်ရှင် ထူးပိုင်ဇော်ဦးကို အကုန်အပ်ထားတယ်”လို့ ထွန်းအိန္ဒြာဗိုပြော
အစ်ကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးရဲ့ လက်ရှိ ကျန်းမာရေးအကြောင်း ပြောပြတဲ့ လင်းဇာနည်ဇော်