MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲများမှ တဆင့် သရုပ်ဆောင် တယောက် ဖြစ်လာခဲ့ပြီး အခုအချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှု ရရှိလာခဲ့တဲ့ သရုပ်ဆောင် သုတအောင်ဟာ ငယ်ငယ်ကတည်းက သရုပ်ဆောင်ချင်တဲ့ ပိုးပါတာကြောင့် သူငယ်ချင်းတွေက သူ့ကို မင်းသားရူးလို့ ခေါ်ကြကြောင်း ဧရာဝတီကို ပြောပါတယ်။
“သရုပ်ဆောင်ချင်တဲ့ ပိုးကတော့ ငယ်ငယ်ကတည်းက ပါတာ၊ သူငယ်ချင်းတွေကဆို မင်းသားရူးလို့ ခေါ်ကြတယ်။ ကောင်းတဲ့ ပြောခြင်းနဲ့တော့ မဟုတ်ဘူး။ ရွဲ့ကြတာပေါ့။ ဒီကောင် မဖြစ်နိုင်ပါဘူး။ တောသားကြီး၊ တောသားကြီးကနေ ဘာလို့ ဖြစ်ရမှာလဲ ဆိုပြီးပြောကြတယ်။ ကျနော်ကတော့ ဘာမှ မဖြစ်ပါဘူး။ လုပ်ချင်တာကိုတော့ ရအောင် လုပ်ခဲ့ပါတယ်”လို့ သုတအောင်က ပြောပါတယ်။
MRTV-4 မှ ာသရုပ်ဆောင် တယောက် ဖြစ်ဖို့အတွက် နယ်မှ တက်လာကာ ကိုယ်တိုင် တယောက်တည်း ကြိုးစားခဲ့ရပြီး အနုပညာနဲ့ ပတ်သက်တဲ့ ပညာများစွာကိုလည်း ကြိုးစားသင်ယူခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျနော် သရုပ်ဆောင် မလုပ်ခင်က ကျနော်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီး ကျေးရွာကနေ လာတာ။ အဲ့ရွာက တက်လာပြီးတော့ ဆယ်တန်းအောင်တော့ တရုတ်ပြည်ဘက်မှာ ကုန်တင်ကုန်ချ သွားလုပ်တယ်။ အဲဒါပြီးတော့မှ ရန်ကုန်ကို တက်လာတာ”
“အဲ့အချိန်မှာ သရုပ်ဆောင်လုပ်ချင်တော့ ဘယ်မှာ သွားရမှန်း မသိဘူး။ စုံစမ်းလိုက်တော့ အမျိုးသားနဲ့ ယဉ်ကျေးမှု တက္ကသိုလ်ကို ရောက်တယ်။ ရုပ်ရှင်ဌာနမှာ သရုပ်ဆောင် အထူးပြုနဲ့ ၃ နှစ် တက်ပြီး ဘွဲ့ရတယ်။ နောက်ပြီးတော့ သဘင်မှာ ဒီပလိုမာ ရထားတယ်။ အဲ့မေဂျာ၂ ခုနဲ့ ဘွဲ့ရပြီးတဲ့အခါမှာ MRTV-4 က သရုပ်ဆောင် ခေါ်တယ်။ ဝင်ပြိုင်တယ်။ လူ ၂၀၀၀ ကျော်မှာ ၄၈ ယောက်ထဲ ပါသွားတာ”လို့ သုတအောင်က ပြောပါတယ်။
အနုပညာအလုပ် လုပ်လာခဲ့တဲ့ ၃ နှစ်အတွင်းမှာတော့ ဇာတ်လမ်းတွဲများစွာ ရိုက်ခဲ့ပေမယ့် လူမသိခဲ့ဘဲ မကြာသေးခင် အချိန်က MRTV-4 မှာ ထုတ်လွှင့်ပြသခဲ့တဲ့ “အလင်းထဲကလူ” နဲ့ “ကြယ်ကလေးရဲ့ ကောင်းကင်” ဇာတ်လမ်းတွဲတို့ ပြသချိန်မှာတော့ သူ့အတွက် ပရိသတ်တွေ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
“ကြယ်ကလေးရဲ့ကောင်းကင် အရှေ့မှာ ‘အလင်းထဲကလူ’ ဇာတ်လမ်းတွဲ ရှိတယ်။ အဲ့မှာ ပရိသတ်တွေကသိသွားတယ်။ အဲဒါပြီးမှ ကြယ်ကလေးရဲ့ကောင်းကင်မှာ သိတာ။ အဲ့အရှေ့မှာ ကျနော့်ကို သိတဲ့သူ တယောက်မှ မရှိဘူး။ We Love ဆိုတာလည်း မရှိဘူး။ Fan ဆိုတာလည်း မရှိဘူး။ ဒါပေမဲ့ အခုကျတော့ ရှိလာတယ်။ ရှိလာတော့ ကျနော် မနေတတ် မထိုင်တတ် ဖြစ်တယ်။ ပျော်တာပေါ့။ သူတို့ကလည်း ကျနော့်ကို ဂရုစိုက်တယ်။ ကျနော်ကလည်း သူတို့ကိုလည်း ဂရုစိုက်တယ်။ တဦးပေါ် မေတ္တာ၊ တဦးပေါ် စေတနာကြောင့် လူရာ ဝင်လာတယ်လို့ ထင်ပါတယ်”လို့ သုတအောင်က ပြောပါတယ်။
ဇာတ်လမ်းတွဲ ၆ ခုလောက် ရိုက်ကူးခဲ့ပေမယ့် ကံအကြောင်း မတိုက်ဆိုင်ခဲ့တာကြောင့် လူမသိခဲ့ဘဲ အခုအချိန်မှသာ သိရှိခဲ့ရတာလို့ သူက ဆိုပါတယ်။
“ပရိသတ်ကတော့ ကိုယ်ကောင်းမှ သိမှာလေ။ အဲ့တော့ ကိုယ်က အဆင်ပြေအောင် သရုပ်ဆောင်တယ်။ ဘယ်ကားမဆို အကောင်းဆုံးတော့ လုပ်တာပဲ။ ဒါပေမဲ့ လူဆိုတာက ကံ၊ ဉာဏ်၊ ဝီရိယ အားလုံးပေါင်းမှ အဲ့တော့ ကံလည်း လိုတယ်၊ စန်းလည်း လိုတယ်၊ ဝီရိယလည်း လိုတယ်၊ ပညာလည်း လိုတယ်။ အဲ့တော့ အရှေ့မှာလည်း ပြည့်ပြည့်စုံစုံ လုပ်ခဲ့တယ်။ ဒါပေမဲ့ သိချိန် မတန်လို့ မသိတာပေါ့နော်။ သိချိန် တန်လာတော့ သိကြတယ်။ အားပေးတယ်။ အဲ့အချိန်မှာ ကျနော်က ဘယ်လို ဆက်ကြိုးစားမလဲ ဆိုတာကို စဉ်းစားပြီး ကြိုးစားသွားပါမယ်”လို့ သုတအောင်က ပြောပါတယ်။
သုတအောင်ကတော့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးကျေးရွာကနေ ရန်ကုန်သို့ အနုပညာအလုပ်များလုပ်ရန် ရောက်ရှိလာခဲ့တာ ၈ နှစ်တာ ရှိပြီးဖြစ်ပြီး အခုချိန်ထိတော့ မိဘများကို မထောက်ပံ့နိုင်သေးဘူးလို့ ဆိုပါတယ်။
“ရန်ကုန်ရောက်တာ ၈ နှစ် ရှိပြီ။ ကျနော် အခုထိတော့ မိဘကို ပြန်မပေးနိုင်သေးဘူး။ ကျနော့် အဖေက အရင်က ဓာတ်ပုံ ရိုက်တယ်။ အမေက ကျနော်တို့ အိမ်ရှေ့မှာ ၁၀၀ တန်၊ ၂၀၀ တန် မုန့်တီတို့၊ ခေါက်ဆွဲသုပ်၊ ကြာဆံသုပ်တွေ ရောင်းတာပါ”လို့ သုတအောင်က ပြောပါတယ်။
လက်ရှိမှာတော့ သူ ပါဝင် သရုပ်ဆောင်ထားတဲ့ “ကြယ်ကလေးရဲ့ ကောင်းကင်” ရုပ်သံ ဇာတ်လမ်းတွဲ ပြသနေပြီး မကြာခင်မှာလည်း “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲ ပြသသွားမယ်လို့ သိရပါတယ်။
You may also like these stories:
“ဟစ်တိုင်” ဇာတ်ကားထဲမှာ အိန္ဒြာကျော်ဇင်ရဲ့ သူငယ်ချင်းနေရာက သရုပ်ဆောင်ထားတဲ့ မုဏ်း
အနုပညာနဲ့ ပတ်သက်ရင် အိုက်တင်တွေပဲ လုပ်ချင်နေတဲ့ ဆုပန်ထွာ
သမီးဖြစ်သူ ပန်းရောင်ခြယ်ကို အမြဲ ဆုံးမ အားပေးတယ်လို့ အဆိုတော် ဂရေဟမ် ပြော