သရုပ်ဆောင်အသစ် တယောက်ဖြစ်တဲ့ ဖြိုးရာဇာနိုင်ကတော့ သရုပ်ဆောင်ကောင်း တယောက် ဖြစ်ချင်ပြီး ရိုးရိုးသားသားနဲ့ ကြိုးစားကာ လမ်းမှားမလိုက်ဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“အဓိကကတော့ ကျနော်ကလေ ရိုးရိုးသားသားနဲ့ ကြိုးစားတယ်။ လမ်းမှား မလိုက်ဘူး၊ ပေါ်ပင် မလိုက်ဘူး။ အခုခေတ်မှာက သိတဲ့အတိုင်း Facebook မှာ အောင်မြင်သွားရင် ခဏတာ လူသိသွားတယ်။ အောင်မြင်သွားတယ်။ ပြီးတော့လည်း မေ့သွားတာပဲ။ ကျနော်တို့ကျတော့ အစကတည်းက ရိုးရိုးသားသားနဲ့ ကြိုးစားတယ်။ ကိုယ်လျှောက်ရမယ့် လမ်းကိုပဲ လျှောက်တယ်။ ပေါ်ပင်တွေကို သိပ်လိုက် မလုပ်ဘူး။ အဲဒါကြောင့် တနေ့တော့ အောင်မြင်လိမ့်မယ်လို့ ယုံကြည်တယ်”လို့ ဖြိုးရာဇာနိုင်က ပြောပါတယ်။
ဖြိုးရာဇာနိုင်ကတော့ MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲများထဲက “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ ပါဝင်ပြီးနောက် ပရိသတ်များက သူ့ကို သတိထား မိခဲ့ကြပြီး ပါဝင်ခဲ့တဲ့ အခန်းလည်း များတာကြောင့် ပရိသတ်ရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။
“အဲ့ကားမှာ ပါဝင်ရတာ အရမ်းကို အမှတ်တရဖြစ်တယ်။ အဲ့မတိုင်ခင် ရိုက်ထားတာတွေက လူသိပ်မသိဘူး။ ‘ပျားရည်အိုင်’မှာက တနိုင်ငံလုံးက အရမ်းကို အားပေးကြတဲ့အတွက် ကိုယ်ပါဝင်ရတဲ့ အခန်းကဏ္ဍမှာ ပရိသတ်တွေက အသိအမှတ်ပြုတယ်။ ပြီးတော့ အဲ့ထဲမှာက လူငယ်ဘဝကနေ အသက်ကြီးတဲ့ဘဝထိ အများကြီး သရုပ်ဆောင်ရတယ်။ အခန်းတွေလည်း များတယ်။ ပြီးတော့ ပျားရည်အိုင်က ကျနော့်ရဲ့ပထမဆုံးဇာတ်လမ်းတွဲ။ နောက်မှ လွှင့်တာဆိုတော့ အမှတ်တရတွေ အများကြီးပါ”လို့ ဖြိုးရာဇာနိုင်က ပြောပါတယ်။
အသစ်တယောက်အနေနဲ့ အနုပညာလောကထဲ ဝင်ရောက်ခဲ့ရတာ အခက်အခဲများစွာ ရှိနေပြီး အနုပညာ အလုပ်များ လုပ်လာခဲ့တာဟာ အခုဆိုရင် ၄ နှစ်ခန့် ရှိနေပြီလို့ သိရပါတယ်။
“အခက်အခဲတွေကတော့ အများကြီးပဲ။ နယ်ကနေ လာပြီးတော့ ကြိုးစားရတယ်။ ကျနော်တို့အိမ်က မလိုက်နိုင်ဘူးလေ။ ဆယ်တန်းအောင်ကတည်းက ရန်ကုန်ကို တယောက်တည်း တက်လာတာ။ ကိုယ့်ကျောင်း၊ ကိုယ့်ဘာသာ စုံစမ်းပြီးတော့ အနုပညာတက္ကသိုလ် တက်တယ်။ မျိုးရိုးလည်း မရှိဘူး။ မဖြစ်နိုင်တဲ့ ကြားထဲကနေ ဖန်တီးယူရတာပေါ့။ တွေ့ကြုံရတဲ့ အခက်အခဲတွေက အများကြီးပဲ”လို့ ဖြိုးရာဇာနိုင်က ပြောပါတယ်။
လမ်းမှား မလိုက်တဲ့အတွက် အောင်မြင်တခုရဖို့အတွက် ကြန့်ကြာပြီး ရောက်ရှိနေတဲ့ နေရာအရလည်း လိပ်ပြာလုံတယ်လို့ ဆိုပါတယ်။
“အောင်မြင်မှုကတော့ ကြန့်ကြာတယ်။ ကျနော်ဆိုရင် တခုခုကို ရယူဖို့ဆိုရင် လွယ်လွယ်ကူကူနဲ့ ဘယ်တော့မှ မရဘူး။ အမြဲတမ်း ကြိုးစားရတယ်။ ရုန်းကန် ရတယ်။ အချိန် ပေးရတယ်။ ကိုယ့်ရဲ့ကြိုးစားမှု ရောက်နေတဲ့ နေရာမှာ ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်။ ကိုယ့်ရဲ့ရိုးသားမှုကို လက်မ ထောင်နိုင်တယ်။ အဲဒါမျိုးကိုပဲ ကြိုက်တယ်”လို့ ဖြိုးရာဇာနိုင်က ပြောပါတယ်။
MRTV-4 ရဲ့ထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့အတွက်လည်း လမ်းလွဲ မရောက်သွားတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ “အဓိကက MRTV-4 ကြောင့်လည်း ပါတယ်။ ကျနော်တို့ လမ်းလွဲ မရောက်တာ။ MRTV-4 က ကျနော်တို့ကို အမြဲတမ်း သင်တန်းတွေ ပေးတယ်။ မိသားစုလိုပဲ။ သူတို့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ အဲ့အတွက်ကြောင့် ကျနော်တို့ လမ်းလွဲ မရောက်ဘူးပေါ့”လို့ ဖြိုးရာဇာနိုင်က ပြောပါတယ်။
ဖြိုးရာဇာနိုင်ကတော့ “ပျားရည်အိုင်”၊ “မျက်လုံးမှာ အလွမ်း၊ နှုတ်ခမ်းမှာ မာန” ဆိုတဲ့ ဇာတ်လမ်းတွဲများနဲ့ ပရိသတ်များက သိရှိခဲ့ကြပြီး ကြေငြာများလည်း ရိုက်ကူးထားကာ မကြာသေးခင်ကလည်း ဖွေးဖွေးနဲ့ အတူ KBZ Pay ကြေငြာ ရိုက်ထားတယ်လို့ သိရပါတယ်။
You may also like these stories:
“ဂျီဟောသူ” ဇာတ်လမ်းတွဲအတွက် ကာရိုက်တာ လေ့လာမှုတွေ လုပ်နေတဲ့ မေမီကိုကို
“ကျိန်စာပြယ် ဒဏ္ဍာရီ”မှာ ပရိသတ်တွေ အားပေးလို့ ဝမ်းသာနေတဲ့ မေဆူးမောင်