ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်နဲ့ ပတ်သက်ပြီး ရုပ်ရှင် ရိုက်ဖြစ်ခဲ့ပုံနဲ့ ဇာတ်ကားရိုက်ရင်း သူ့ကြောင့် ဖွေးဖွေး ဒဏ်ရာ နှစ်ခု ရရှိခဲ့ပုံကို လွင်မိုးက အခုလိုပဲ ပြောပါတယ်။
“ထူးပိုင်ဇော်ဦးနဲ့ ပရိုဂျူဆာနဲ့ ကျနော်ကို ဇာတ်ကားရိုက်ဖို့ ဆက်သွယ်လာပါတယ်။ ထူးပိုင်ဇော်ဦးက ဇာတ်ညွှန်း ပေးဖတ်တယ်။ ကျနော့်နေရာလည်း သရုပ်ဆောင် တယောက်အနေနဲ့ လုပ်သင့်တယ်။ ငြင်းဖို့ ခက်တဲ့ နေရာလေးပေါ့။ အဲ့ဒါနဲ့ရိုက်ဖြစ်သွားတာပါ။ ကျနော်တို့ ဇာတ်ကားကိုကြည့်တော့ ငါရိုက်ခဲ့တဲ့ ရုပ်ရှင်ကားထဲမှာတော့ ဂုဏ်ယူစရာ ကောင်းတဲ့ ဇာတ်ကားတကားလို့ ပြောလို့ရတယ်”
“ဖွေးဖွေးက ကျနော့်ကြောင့် ဒဏ်ရာ နှစ်ခုရခဲ့တယ်။ တခုက ဖွေးဖွေးက ဇာတ်ကားထဲမှာ မခိုင်ကြီးနဲ့ ပိုဖိုက်ရတယ်။ တခုက ဇက်ပိုး အုပ်လိုက်တဲ့အခန်း တီးလိုက်တာ မူးထွက်သွားတယ်။ ကျနော်လည်း တောင်းပန်လိုက်တယ်။ သူလည်း ‘ဦး ရပါတယ်’ပေါ့။ နောက်တချက်က ရေချိုးခန်းမှာ မျက်နှာကို ဆွဲရတဲ့ အခန်းမှာ မျက်နှာကို လက်သည်းနဲ့ ကုတ်မိသွားတယ်။ ကျနော် တမင်မလုပ်ဘူးဆိုတာ သူကလည်း နားလည်ပါတယ်” လို့ လွင်မိုးက ပြောပါတယ်။
ဟာသကားတွေနဲ့ ပရိသတ် အားပေးမှုရရှိတဲ့ သရုပ်ဆောင်ဖြစ်တာကြောင့် ဇာတ်ကားထဲက ကာရိုက်တာကို ကြောက်ပါ့မလားလို့ စိတ်ပူတယ်လို့လည်း လွင်မိုးက ပြောပါတယ်။
“လွင်မိုးဆိုတဲ့ ပေါတောတော တယောက်က သရဲကားရိုက်တာ ပိုပြီး အံ့သြသင့်တယ်။ ကျနော်က ဟာသတွေနဲ့ နာမည်ကြီးတဲ့သူဆိုတော့ စိတ်ပူတာက လူသတ်တာကို ကြောက်ပါ့မလားဆိုတဲ့ စိတ်ပူတယ်။ ကျနော်ကို ကျနော်လည်း မှန်သွားသွား ကြည့်တယ်။ ဒါရိုက်တာ လိုချင်တာတွေကို Mood တွေ သွင်းပြီးလုပ်ပေးရပါတယ်။ အပိုင်း၂ လုပ်ဖို့ အများကြီး စဉ်းစားကြရမယ်။ ကျနော်က အသက်ကြီးမှ ကလေးတွေနဲ့ ပြန်စုဖွဲ့ပြီး လုပ်ရတဲ့နေရာမှာ အားလည်း ရှိတယ်”
“သူစိမ်းအိမ်က ထူးခြားတဲ့ ဇာတ်ကားတကားဆိုတာ ပရိသတ်တွေ ကြည့်ပြီးရင်သိမှာပါ။ ‘ညကြီး သမီးတို့ ဘယ်သွားကြမလို့လဲ’ဆိုတဲ့ စကားလေးကို အင်တာနက်မှာ မျိုးစုံလုပ်ကြပြီး ဒါလေးကို ရေးနေကြတာပေါ့။ လူတွေမှာလည်း ဟာသဉာဏ်နဲ့ Creation တွေနဲ့ ဖြစ်လာတာပေါ့။ Facebook မကောင်းဘူး ပြောနေတာမျိုး မဟုတ်ဘဲနဲ့ ကောင်းတွေ စဉ်းစားရင်လည်း ကောင်းပါတယ်”လို့ လွင်မိုးက ပြောပါတယ်။
ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ကားမှာ သရုပ်ဆောင် လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ ဖွေးဖွေး၊ လင်းဇာနည်ဇော်၊ မြတ်နိုးအေး၊ ကူးကူးဇင်အောင်၊ ချာလီ၊ ရှိန်းတင်ထူး၊ ဂျိုကာတို့ ပါဝင်သရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်ကိုတော့ သြဂုတ်လ ၁ ရက်နေ့မှာ ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။
You may also like these stories:
“သူစိမ်းအိမ်” ရုပ်ရှင်ကို ၃ ခေါက် ကြည့်ပြီးပေမယ့် မရိုးသေးဘူးလို့ ပြောတဲ့ လင်းဇာနည်ဇော်
လူသတ်ခန်းတွေ ပါလို့ ၁၃ နှစ်အောက် ကလေးတွေ ကြည့်ဖို့ မသင့်တော်တဲ့ “သူစိမ်းအိမ်”
“ဘယ်ဇာတ်ကား အမျိုးအစားရိုက်ရိုက် အရည်အသွေးကောင်းဖို့က အရေးကြီးတယ်”