ပြီးခဲ့တဲ့လတုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ကိုရီးယာ ထုတ်ကုန်ပစ္စည်း ကုန်စည်ပြပွဲတပွဲအတွင်း ခင်း ကျင်း ပြသနေတဲ့ ပြခန်းတခုမှာ Jake Choi ဟာ သူ့ရဲ့ စမတ်ဖုန်းကို အသုံးပြုပြီး ဗီဒီယိုကလစ်တွေကို တခုချင်းစီ ပြသနေပါတယ်။ ၃ မိနစ်တောင် မကြာတဲ့ အဲ့ဒီဗီဒီယိုထဲမှာ နာမည်ကျော် Maychic မျက်ခုံးမွှေးဆွဲတံ ကြော်ငြာနေတဲ့ တောင်ကိုရီးယားမင်းသမီး Song Ji Hyo ရဲ့ ပုံရိပ်ပါဝင်လာခဲ့ပါတယ်။
သူတို့ရဲ့ ထုတ်ကုန်ကို တကယ့် နာမည်ကျော်တဦးကို အသူံးပြုပြီးကြော်ငြာနေတဲ့ တောင်ကိုရီးယား အလှကုန်ပစ္စည်း ကုမ္ပဏီ MCBrains ဟာ များမကြာခင်မှာပဲ သူတို့ရဲ့ ထုတ်ကုန်တွေအပေါ် ပွဲလာပရိသတ်တွေရဲ့ အာရုံစူးစိုက်မှုကို လက်ခံရရှိခဲ့ပါတယ်။
ထိုင်းနဲ့ အခြားအရှေ့တောင်အာရှ ဝယ်သူတွေဟာ MCBrains နဲ့ အဲ့ဒီကုမ္ပဏီရဲ့ ထုတ်ကုန်တွေနဲ့ ပတ်သက်လို့ ကြားတောင် မကြားဖူးခဲ့ကြပေမယ့် Choi ရဲ့အဆိုအရ ကြော်ငြာဗီဒီယိုကို ပြသခဲ့ပြီးတဲ့နောက်မှာ ဝယ်သူတွေရဲ့ စိတ်နဲ့ ပိုက်ဆံအိတ်တွေကို သူတု့ိ လျင်လျင်မြန်မြန်ပဲ ဖွင့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကိုရီးယားရုပ်သံအစီအစဉ် “Running Man” ထဲက သရုပ်ဆောင်တယောက်ဖြစ်တဲ့ မင်းသမီး Song ဟာ MCBrains ရဲ့ အလှကုန်ပစ္စည်းတွေနဲ့ အခြား တောင်ကိုရီးယားကုမ္ပဏီလေးတွေရဲ့ ကုန်ပစ္စည်း ၁၅ ခုလောက်ကို ပရိုမိုးရှင်းလုပ် ပေးဖို့ အခမဲ့ ပါဝင်ပေးထားတာလည်း ဖြစ်ပါတယ်။
မင်းသမီးရဲ့ ကြော်ငြာပေးမှုကြောင့် ဝယ်သူတွေအနေနဲ့ တောင်ကိုရီးယား လူသုံးကုန်ပစ္စည်းတွေဟာ အသုံးပြုဖို့ လုံခြုံစိတ်ချရတယ်လို့ သတ်မှတ်လာကြပါတယ်။ သူ့ရဲ့ ပါဝင်မှုကြောင့် ဝယ်သူတွေနဲ့ ညှိနှိုင်းတဲ့နေရာမှာ အတားအဆီးတချို့ကို ဖယ်ရှားပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Choi ရဲ့အဆိုအရ သူတို့ဟာ ကြီးမားတဲ့ မားကတ်တင်း အကျိုးဆက်ကို ရရှိခံစားခဲ့ရတယ်လို့ သိရပါတယ်။ သူ့ရဲ့ ကုမ္ပဏီဟာ Hallyu လို့ခေါ်တဲ့ ကိုရီးယား အနုပညာရေလှိုင်းရဲ့ အင်အားကို ကြိုးကိုင်ထားပြီး ၂ ရက်ကြာကျင်းပခဲ့တဲ့ အဲ့ဒီကုန်စည်ပြပွဲမှာ နိုင်ငံခြား သုံးစွဲသူတွေထံ သူတို့ရဲ့ ထုတ်ကုန်တွေကို ပရိုမိုးရှင်းပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
MCBrains ကုမ္ပဏီဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာပဲ ထိုင်းကုမ္ပဏီတခုဆီ ဒေါ်လာ ၅ ထောင်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို တင်ပို့နိုင်ခဲ့ပြီး ဒါဟာ ၂၀၁၆ ခုနှစ်တုန်းမှာ လုပ်ငန်းစတင်ခဲ့တဲ့အချိန်ကစလို့ ပထမဆုံး ဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီဖြစ်ရပ်ကြောင့် ကိုရီးယား အနုပညာထုတ်ကုန်တွေရဲ့ မြင့်တက်လာတဲ့ နာမည်ကျော်ကြားမှုတွေဟာ တောင်ကိုရီးယား တင်ပို့ကုန်တွေကို ဘယ်လိုမြှင့်တင်ပေးနိုင်တယ်ဆိုတာကို မြင်တွေ့ခဲ့ကြရတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အကရော အဆိုပါ ပိုင်နိုင်ကြတဲ့ အမျိုးသားနဲ့ အမျိုးသမီးအဖွဲ့တွေရှိတဲ့ K-pop ဟာလည်း အာရှတွင်သာမက လက်တင်အမေရိက၊ ဥရောပနဲ့ အမေရိကန်နိုင်ငံတွေဆီ မကြာသေးခင်နှစ်များအတွင်း ပေါက်မြောက်လာကြပြီး ယဉ်ကျေးမှုဘောင်ကိုတောင် ကျော်လွန်လာပြီလို့ ဆိုနိုင်မှာပါ။
ကိုရီးယားအနုပညာ ရေလှိုင်းဟာ ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒီနေ့အချိန်အထိ မြောက်ကိုရီးယား ရဲ့နျူကလီးယား စမ်းသပ်မှုတွေ၊ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် တင်းမာမှုဖြစ်နေရတဲ့ နိုင်ငံတခုအတွက်တော့ အဓိကကျတဲ့ ယဉ်ကျေးမှုအပြောင်းအလဲ အဖြစ်ပုံဖော်နေပါတယ်။
၂၀၁၀ ခုနှစ်ကစလို့ လူကုန်သုံးတွေကို တိုးမြှင့် တင်ပို့ဖို့အတွက် တောင်ကိုရီးယားဟာ တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ အခြားနိုင်ငံတွေမှာ ကိုရီးယားအနုပညာရေလှိုင်းကို အခြေခံတဲ့ ကုန်စ္စည်းပြပွဲတွေကို ကျင်းပလာခဲ့ကြပါတယ်။
မကြာသေးခင်တုန်းကပဲ တောင်ကိုရီးယားဟာ အလှကုန်နဲ့ အဝတ်အထည်တွေ အပါအဝင် အဓိကကျတဲ့ လူသုံးကုန်ပစ္စည်း ငါးခုမှ တင်ပို့ကုန်တွေကို မြှင့်တင်ဖို့ ရည်မှန်းချက်ကြီးမားတဲ့ အစီအမံတခုကို ချပြခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဒေါ်လာ ၂၇ ဒဿမ ၇ ဘီလီယံရှိရာကနေ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၃၅ ဘီလီယံအထိ ရယူမယ်လို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။
ကိုရီးယားကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီ (KOTRA) ရဲ့ အဆိုအရ ဘန်ကောက်ကုန်စည်ပြပွဲမှာ ထိုင်း၊ အခြားအရှေ့တောင်အာရှဝယ်သူတွေနဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ ကိုရီးယားကုမ္ပဏီ ၇ ခုဟာ ဒေါ်လာ ၉ သိန်း ၉ သောင်းကျော်ဖိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။ ခန့်မှန်းချက်တွေအရ မကြာခင်တနှစ်၊ နှစ်နှစ်အတွင်းမှာပဲ သဘောတူညီချက် တန်ဖိုး ဒေါ်လာ ၃၁ သန်းအထိ ရောက်ရှိလာလိမ့်မယ်လို့လည်း သိရပါတယ်။
Ref:Yonhap
You may also like these stories:
BTS အဖွဲ့ကြောင့် ရရှိတဲ့ စီးပွားရေးတန်ဖိုးမှာ နှစ်စဉ် ကန်ဒေါ်လာ ၃ ဘီလီယံခွဲကျော်ရှိ
ညစ်ညမ်းဗီဒီယို၊ မုဒိမ်းမှု၊ ပြည့်တန်ဆာအမှုများနဲ့ ပတ်သက်ပြီး Kpop စတားနှစ်ဦးကို ရဲတပ်ဖွဲ့စစ်ဆေးနေ
ကိုရီးယား K-Pop ဖျော်ဖြေပွဲများ ပြုလုပ်နိုင်မည့် ကွင်းကို ၂၀၂၄ ခုနှစ်မှာ ဖွင့်လှစ်မည်
အိမ်ခြံမြေတွေကတဆင့် အမြတ်အစွန်းတွေရနေတဲ့ နာမည်ကျော် K-Pop အိုင်ဒေါများ