Miss Universe Myanmar အလှမယ်တဦးဖြစ်တဲ့ မိုးစက်ဝိုင်ကတော့ ယခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့တဲ့အကြောင်း အခုလိုပဲ ပြောပြခဲ့ပါတယ်။
“အနုပညာလှုပ်ရှားမှုနဲ့ မိုးစက်ရဲ့ ပုံမှန်နေထိုင် ဖြတ်သန်းမှုကို ယှဉ်လိုက်ရင်တော့ အလုပ်နဲ့ အိမ်နဲ့ အဲ့လိုမျိုးပဲရှိပါတယ်။ နည်းတယ်ဆိုတာက မိုးစက်ရဲ့ မိသားစု အသိုင်းအဝိုင်း ပတ်ဝန်းကျင်းက အနုပညာ အသိုင်းအဝိုင်း မဟုတ်ဘူး။ အဲ့မှာမှ မိုးစက်က ပထမဆုံး တယောက် ဖြစ်နေတယ်။ တခုခု လုပ်မယ်ဆိုတိုင်း သူတို့ကို ပြောနေရတယ်။ မိဘကလည်း ဒီစီးပွားရေးအလုပ်ပဲ လုပ်တာဆိုတော့လေ တခုခုဆိုရင် ရှင်းပြရတယ်။ အဲ့ရှင်းပြရတာတွေလည်း ပါတာပေါ့နော်”လို့ မိုးစက်ဝိုင်က ပြောပါတယ်။
မိုးစက်ဝိုင်အနေနဲ့ အခုအချိန်မှာတော့ အနုပညာလှုပ်ရှားမှုထက် သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးအနေနဲ့ ကိုယ်ပိုင် Brand ဖြစ်တဲ့ Mozey Brand အတွက် အလုပ်များ လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။
“မိုးစက်က ငယ်ငယ်ကတည်းက အနုပညာလောကထဲ ဝင်တာ မဟုတ်တဲ့အတွက် ဦးစားပေးရမယ့် အရွယ် မဟုတ်တော့ဘူးလို့ ထင်တာပေါ့။ ကိုယ်အလုပ်လုပ်ရမယ့် အရွယ်လည်း ရောက်ပြီ။ စီးပွားရေး လုပ်ရမယ်ဆိုပြီး လုပ်ဖြစ်တာပါ”လို့ မိုးစက်ဝိုင်က ပြောပါတယ်။
စီးပွားရေးလုပ်တဲ့အခါမှာလည်း အတွေ့အကြုံရှိတဲ့သူများကို မေးမြန်းကာ အဆိုးဆုံးအခြေအနေထိ ရင်ဆိုင်နိုင်အောင်လည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
“ကိုယ်ပိုင်အလုပ်လုပ်တဲ့အခါမှာ အဆိုးဆုံးအထိ ရင်ဆိုင်နိုင်ဖို့အတွက် စဉ်းစားထားပါတယ်။ တော်တဲ့၊ အတွေ့အကြုံရှိတဲ့ သူတွေကို မေးကြည့်ပါတယ်။ သူတို့က ပြောတယ်။ အရှုံးဒဏ် ခံနိုင်ရမယ်။ ပထမဆုံးမှာတော့ ရှုံးမယ်၊ ဒုက္ခတွေ ရောက်မယ်။ အသီးမစားခင်တော့ ရင်ဆိုင်ရမှာပေါ့”လို့ မိုးစက်ဝိုင်က ပြောပါတယ်။
စီးပွားရေးဘက်ကို များစွာ အားထည့်ထားပေမယ့် မကြာခင်မှာတော့ ရုပ်ရှင်ကားတကား ရိုက်ဖို့အတွက် ပြင်ဆင်နေပြီး မိုးစက်ဝိုင်အနေနဲ့ ရင်ခုန်ရတဲ့ ဇာတ်ကားတကားဖြစ်တယ်လို့ သိရပါတယ်။
“အနုပညာအလုပ်နဲ့ ပတ်သက်ပြီးတော့ သိပ်အများကြီးတော့ မလုပ်ဖြစ်ပါဘူး။ မိုးစက်ရဲ့ Mozey by Moeset လုပ်ကတည်းက အဲ့အပိုင်းကိုပဲ အားထည့်ထားပါတယ်။ ဒါပေမဲ့ ရုပ်ရှင်တကား ရိုက်ဖို့ ရှိပါတယ်။ အဲ့ကားရိုက်ဖို့လည်း ပြင်ဆင်နေပါတယ်။ ဇာတ်ညွှန်းတွေ ဘာတွေ မထွက်သေးတဲ့အတွက် အတည်တကျတော့ မဖြစ်သေးဘူး။ ဖြစ်ရင်လည်း ပြောပြပါမယ်။ မိုးစက်အရမ်းရင်ခုန်တဲ့ ကားတကား ဖြစ်ပါတယ်။ ကာရိုက်တာကတော့ ပြောလို့ မရသေးပါဘူး။ ဒါပေမဲ့ ဒီခေတ် မဟုတ်ဘူးပေါ့။ ၂၀၁၉ မဟုတ်ဘူး” လို့ မိုးစက်ဝိုင်က ပြောပါတယ်။
မိုးစက်ဝိုင်ကတော့ Miss Universe Myanmar 2013 ဆုကို ရရှိထားပြီး သူ့ရဲ့ပထမဆုံး ရုပ်ရှင် ဇာတ်ကား ဖြစ်တဲ့ “ပက်ပက်စက်စက်ညို့” ကိုလည်း နေတိုး၊ ရွှေထူးတို့နဲ့အတူ သရုပ်ဆောင်ခဲ့ပါတယ်။