ပျော်စရာကောင်းတဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် လူမင်းကတော့ ဒီဘဝမှာ ရရှိလာတဲ့ မိသားစု ဘဝကို ဘယ်အရာနဲ့မှ မလဲနိုင်အောင် တန်ဖိုးထားပြီး၊ မင်းသား၊ မင်းသမီးတွေရဲ့ ပါရမီဖြည့်ဖက်တွေက ပိုပြီးတော့ ခံနိုင်ရည် ရှိရမယ်လို့ ဆိုပါတယ်။
“မိသားစုဆိုတာ ဘဝမှာ တန်ဖိုး အရှိဆုံး၊ တန်ဖိုးအထားဆုံး အရာပါ။ ဒီဘဝမှာတော့ အခု ရထားတဲ့ ဇနီးမယား၊ သားသမီးနဲ့ ကိုယ့်မိသားစုလေးက ဘာနဲ့မှ မလဲနိုင်လောက်အောင် ကိုယ်တန်ဖိုးထားရတဲ့ မိသားစုဘဝလေးပါ။ ဒီဘဝလေးကို ကျေနပ်တယ်၊ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ အနုပညာသမားတွေရဲ့ ပါရမီဖြည့်ဖက်တွေက သာမန် အိမ်ထောင်ရေးနဲ့ မတူဘူး။ အထူးသဖြင့် မင်းသား၊ မင်းသမီးတွေရဲ့ ပါရမီဖြည့်ဖက်တွေက ပိုပြီးတော့ ခံနိုင်ရည် ရှိရတယ်”
“ကိုယ့်ကို ဝေဖန် တိုက်ခိုက်ရင် သူလည်း ခံစားရတာပေါ့။ ကိုယ်တို့က ယောကျာ်းဆိုတော့ မေ့မေ့ပျောက်ပျောက် နေနိုင်ပေမယ့် သူတို့က မနေနိုင်ဘဲ ကြိတ်ငိုနေတာတွေ ရှိတယ်”လို့ လူမင်းက ပြောပါတယ်။
လူမင်းကတော့ အိမ်ထောင်သက် ကြာလာတာနဲ့အမျှ အိမ်ထောင်ဖက်ဆီက နားလည်မှုတွေ ရရှိထားတယ်လို့ ဆိုပြီး ဖက်ရှင်တွေနဲ့ ပတ်သက်ရင် ဇနီးဖြစ်သူ ခင်စံပယ်ဦးက အိုင်ဒီယာပေးတယ်လို့ ဆိုပါတယ်။
“အသက်အရွယ် ကြီးတာ၊ ငယ်တာနဲ့တော့ မဆိုင်ဘူး၊ မိန်းမမှန်ရင် ကြီးကြီးငယ်ငယ် လင်ယောကျ်ားအပေါ်မှာ သဝန်တိုမှာပဲ။ ရင့်ကျက်လာတယ် ဆိုတာကတော့ အိမ်ထောင်သက် ကြာလာတာနဲ့ အမျှ ရန်ဖြစ်တာတွေ နည်းလာတယ်။ ပိုပြီးတော့ နားလည်လာတယ်ဆိုတာကလည်း အိမ်ထောင်သည်တိုင်း ဒီလိုဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါတွေကလည်း တယောက်နဲ့ တယောက် နားလည်မှုတွေ ရှိသလို ဆင်ခြင်စောင့်ထိန်းရတဲ့ အပိုင်းတွေလည်း ရှိတယ်”
“ဒါမှလည်း အိမ်ထောင်တစ်ခုမှာ လိုတိုး ပိုလျှော့ ပုံစံမျိုးလေးနဲ့ ရပ်တည်နိုင်မှာပေါ့။ ဒီနေ့ ဒီအချိန်ထိ အနုပညာရှင်တယောက်ရဲ့ ပါရမီဖြည့်ဖက်အနေနဲ့ ရှိနေပေးတဲ့ ဇနီးကိုလည်း ကျေးဇူးတင်ပါတယ်။ ဖက်ရှင်တွေနဲ့ ပတ်သက်ရင် တော်တော် များများကတော့ စံပယ့် အိုင်ဒီယာတွေ များတယ်”လို့ လူမင်းက ပြောပါတယ်။
လူမင်းရဲ့ ဇနီးဖြစ်သူ ခင်စံပယ်ဦးကတော့ ခင်ပွန်းအပေါ် ဖက်ရှင် အကြံဉာဏ်တွေ ပေးဖြစ်သလို လူမင်းကို တိုက်ခိုက်တာတွေရှိရင်လည်း အမြဲအားပေးဖြစ်တယ်လို့ ဆိုပါတယ်။
“ကိုလူမင်းက သူကြိုက်တာ သူဝတ်တာ များပါတယ်၊ ကျမက အဝတ်တွေ မှာပေးတာပေါ့။ ဖက်ရှင်နဲ့ ပတ်သက်ပြီး အကြံပေးဖြစ်တာတော့ ရှိတယ်။ ကိုလူမင်းကို တိုက်ခိုက်တာတွေ ရှိရင်တော့ အမြဲအားပေးပါတယ်။ ကျမကတော့ စိတ်ညစ်လာရင် ဘုရား ရှိခိုးတယ်။ ကိုလူမင်းကို အားပေးတဲ့ ပရိသတ်တွေရော၊ အားမပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ခင်စံပယ်ဦးက ပြောပါတယ်။
သရုပ်ဆောင် လူမင်းနဲ့ ခင်စံပယ်ဦးတို့ ဇနီးမောင်နှံဟာ သားတယောက် သမီးတယောက်နဲ့ သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး လူမင်းဟာ လတ်တလောမှာတော့ ဗိုလ်ချုပ်ရုပ်ရှင် အတွက် ဒါရိုက်တာ အဖြစ် တာဝန်ယူကာ ရိုက်ကူးရေးများကို ပြင်ဆင်နေတယ်လို့ သိရပါတယ်။
You may also like these stories:
“လောဘနွံ” ရုပ်ရှင်ရိုက်ရင်း ကျောက်အောင်ခဲ့တဲ့ သရုပ်ဆောင် လူမင်း
“ဗိုလ်ချုပ်ရုပ်ရှင်”ကို စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးတော့မယ် လို့ လူမင်းပြော
ဗိုလ်ချုပ်ရုပ်ရှင်အတွက် စိုးရိမ်နေတဲ့ ပရိသတ်တွေကို မစိုးရိမ်ကြဖို့ လူမင်း ပြော