Beauty Blogger ၊ သရုပ်ဆောင်တဦးဖြစ်တဲ့ နေခြည်ဦးဟာ မကြာသေးခင် ရက်ပိုင်းအတွင်းက သူ့ရဲ့ Facebook အကောင့်မှာ ဆံပင်တုတပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး Status တခုကို ရေးသား တင်ခဲ့ရာမှာ သရုပ်ဆောင် မိုးဟေကိုအပေါ် ပြောတယ်ဆိုပြီး ပရိသတ်အချို့ အထင်လွဲမှားများ ရှိခဲ့တဲ့အတွက် မိုးဟေကိုအား တောင်းပန်ခဲ့ရတယ်လို့ နေခြည်ဦးက ပြောပါတယ်။
“နေခြည် အကြီးအကျယ် တောင်းပန်ရတာပေါ့။ အစ်မကတော့ ဘာမှ မဖြစ်ပါဘူး။ သူ သိတယ်တဲ့။ သူ့ကို ရည်ရွယ်ပြီး မပြောမှန်း သိတယ်တဲ့။ အစ်မရဲ့ ပရိသတ်တွေရော အရမ်းအားနာတယ်လို့ တောင်းပန်လိုက်တယ်။ တောင်းပန်ပြီး အဆင်ပြေမှလည်း ထပ်ပြောတဲ့သူတွေကို တရားစွဲမယ်လို့ တင်လိုက်တာ”လို့ နေခြည်ဦးက ပြောပါတယ်။
နေခြည်ဦးကတော့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူနဲ့ ရန်ဖြစ်ခဲ့ပြီး Facebook မှာ Block ထားတာကြောင့် အခုလိုမျိုး Status ရေးတင်ကာ ပြောဆိုခဲ့တာလို့ ဆိုပါတယ်။
“နေခြည်က နေခြည့် သူငယ်ချင်းကို ပြောလိုက်တာ။ ဒါပေမဲ့ အနုပညာ အသိုင်းအဝိုင်းမှာလည်း ဆံပင်တုတွေက ခေတ်စားလာတာ ဖြစ်တဲ့အတွက် ပရိသတ်က အနုပညာ အသိုင်းအဝိုင်းကလို့ပဲ မြင်တာလေ။ အဲဒါကြောင့် နီးစပ်ရာ အသိုင်းအဝိုင်းနဲ့ ရန်တိုက်ပေးတဲ့ သဘောပါ”လို့ နေခြည်ဦးက ပြောပါတယ်။
အဲဒီနောက်မှာတော့ နေခြည်ဦးက မဟုတ်မမှန် ပြောဆိုတဲ့သူများကို ၆၆ ဃဖြင့် တရားစွဲဆိုမယ်လို့ ပြောခဲ့တာနဲ့ ပတ်သက်ပြီးလည်း အခုလိုပဲ ပြောပါတယ်။
“တရားစွဲရင် အကုန်လုံး ပါလာမှာပေါ့။ အဓိက တယောက်တည်းကို နာမည်တပ်တော့ မသိတဲ့သူတွေ၊ ပြီးတော့ နေခြည်တို့ အကုန်လုံးက Facebook က ကိုယ့်အတွက်က Google ပဲလေ။ နေခြည်ဦးနဲ့ နာမည်ကြီး မင်းသမီး တယောက်တို့ ရန်ဖြစ်နေတယ်ဆိုတာ မဖြစ်စေချင်ဘူး”
“ကိုယ်အရမ်းကြိုက်ရတဲ့ မင်းသမီးလည်း ဖြစ်နေတော့ မပြောလို့က မရတော့ဘူး။ ဟုတ်တာတွေရော မဟုတ်တာတွေရော ဆိုတော့ နေခြည် တန့်လိုက်တဲ့ သဘောပါ။ စွဲရင်လည်း စွဲရမယ့် လူတွေက နည်းတာ မဟုတ်ဘူး။ ရှေ့နေတောင် ၄ ၊ ၅ယောက်လောက် ခေါ်ရမယ်”လို့ နေခြည်ဦးက ဆိုပါတယ်။
အဆိုပါ ပြဿနာများ မဖြစ်ခင်အချိန်ကတော့ Maybelline New York က ထုတ်လုပ်တဲ့ “Fit Me Foundation” မိတ်ဆက်ပွဲမှာ မိုးဟေကိုနဲ့အတူ ပွဲတက်ခဲ့တာကိုလည်း တွေ့ရပါတယ်။
နေခြည်ဦးကတော့ Beauty Blogger အလုပ်နဲ့ သရုပ်ဆောင် အလုပ်ကို တွဲဖက် လုပ်ကိုင်နေပြီး မကြာခင်မှာလည်း သူ ပါဝင်သရုပ်ဆောင်ထားတဲ့ “ပုရိသ” ရုပ်ရှင်ကား ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
You May Also Like This Story:
ဖက်ရှင်တွေကို အမြဲတမ်း မျက်ခြေမပြတ် လေ့လာနေတဲ့ နေခြည်ဦး