Entertainment

"ဂီတကို သေတဲ့အထိ လုပ်ကိုင်သွားမယ်"လို့ ဝိုင်းစုခိုင်သိန်း ပြော

သရုပ်ဆောင် အနေနဲ့ အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့ပြီး ဝါသနာပါရာ အဆိုတော် တယောက် ဖြစ်လာခဲ့တဲ့ ဝိုင်းစုခိုင်သိန်းကတော့ ဂီတကို သေတဲ့အထိ လုပ်ကိုင်သွားမယ်လို့ ပြောပါတယ်။

“ဝိုင်းစုရဲ့ အဖေက အရင်က အဆိုတော် ဧကရာဇ်ဆိုပြီး အခွေ ၃ ခွေ ထွက်ခဲ့ဖူးတယ်။ ဝိုင်းစုက ငယ်ငယ်ကတည်းက အဆိုတော် ဖြစ်ချင်လို့ ရူးတာ။ ဒါပေမဲ့ သရုပ်ဆောင် အရင် ဖြစ်သွားခဲ့တယ်။ ပြီးတော့ ဒီဘက်ကို ရပ်တည်ခဲ့တယ်။ ပရိသတ် အားပေးသည် ဖြစ်စေ၊ မအားပေးလည်း အခွေတွေ ဆက်လုပ်နေဦးမှာပဲ။ သေတဲ့အထိ လုပ်သွားမှာ”လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။

ဝိုင်းစုခိုင်သိန်းကတော့ သူ့အသက် ၃ ၊ ၄ နှစ်အရွယ်ကတည်းက သီချင်းဆို ဝါသနာပါခဲ့ပြီး အဆိုတော် တယောက်အဖြစ် အခွေ ထွက်ချင်ခဲ့တာက ရည်မှန်းချက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဝိုင်းစုက ဂီတကို သေတဲ့အထိ လုပ်မှာ။ အရင်ကတည်းက အဆိုတော်ဖြစ်၊ မဖြစ် မသိဘူး။ အခွေထုတ်ခဲ့ခြင်းသည်လည်း ၃ ၊ ၄ နှစ်တည်းကနေ သီချင်း ဆိုချင်နေတာ။ ကြီးလာရင် ရည်မှန်းချက်တခုသည် ဘဝမှာ အောင်မြင်မြင်၊ မမြင်မြင် အခွေ ၁ ခွေ ထုတ်ချင်တယ် ဆိုတာမျိုး ရှိခဲ့တယ်” လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။

အရင်ကတော့ ဂီတအမျိုးအစား အစုံကို မကြိုက်ခဲ့ဘဲ အခုဆိုရင်တော့ ဂီတနဲ့ ပတ်သက်ရင် အကုန်လုံးကို ကြိုက်ပြီး ဂီတကို ဘယ်တော့မှ မစွန့်လွှတ်ဘူးလို့လည်း သူက ဆိုပါတယ်။

“ဂီတကို ဘယ်တော့မှ မစွန့်လွှတ်နိုင်ဘူး။ အရင်ကဆို တချို့ ဂီတအမျိုးအစားတွေဆို မကြိုက်ဘူး။ အခုတော့ အကုန်လုံးကို ကြိုက်တယ်။ တနေကုန် နားထောင်လည်း နားထောင် နေနိုင်သွားပြီ။ ဂီတနဲ့ ပတ်သက်ပြီး ငြီးငွေ့သွားတာ မရှိဘူး”လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။

မကြာခင်မှာလည်း ဝိုင်းစုခိုင်သိန်းရဲ့ တကိုယ်တော် Mini Concert တခု ပြုလုပ်ဖို့ရှိပြီး အဲဒီပွဲအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“FG Live Lounge ပွဲ ရှိတယ်။ ၈ လပိုင်း၊ ၃ ရက်နေ့။ ပါဖောမန့်ပိုင်းရော လုပ်ရမယ့်ဟာတွေအတွက် အကုန်လုံး ပြင်ဆင်နေတယ်။ Mini Concert ဆိုပေမယ့် One Lady ပွဲတပွဲစာ ပြင်ဆင်ရတာပါပဲ။ ဘာမှ မထူးပါဘူး။ အဓိကကတော့ ဝိုင်းစုရဲ့ ပရိသတ်တွေနဲ့ တွေ့ချင်တဲ့အတွက် ဒီပွဲကို လက်ခံဖြစ်တာပါ”လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။

ဝိုင်းစုခိုင်သိန်းကတော့ သရုပ်ဆောင်အနေနဲ့ စတင် လုပ်ကိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ သရုပ်ဆောင် အလုပ်ကို မလုပ်ဖြစ်တော့ဘဲ အဆိုတော် တယောက်အနေနဲ့ ရပ်တည်ကာ သီချင်းများကို သီဆိုနေသူ ဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းဟာ “မက်လောက်စရာ”၊ “မျက်လှည့်”၊ “အာဘွား”၊ “ဂါ”၊ “မယ်သီတာ” စတဲ့ တေးစီးရီးများ ထွက်ရှိထားတဲ့ အဆိုတော်တဦး ဖြစ်ပါတယ်။

You May Also Like These Story:

ဇာတ်ကား မရိုက်ဖြစ်တာ ၅ နှစ်ရှိပြီဆိုတဲ့ ဝိုင်းစုခိုင်သိန်း

ဆံပင်အတု တပ်ရတာ မကြိုက်လို့ ခေါင်းတုံးနဲ့ပဲ ပွဲတက်ဖြစ်နေတဲ့ ဝိုင်းစုခိုင်သိန်း

Loading