ငယ်စဉ်ကတည်းက Cover သီချင်းများ သီဆိုကာ ပရိသတ် အားပေးမှုကို ရရှိထားတဲ့ ဆယ်ကျော်သက် အဆိုတော် မေလသံစဉ်ဟာ မကြာခင်မှာ အဘိုးဖြစ်သူ တေးရေး စန်းသော်တာရဲ့ သီချင်းများကို ပြန်လည် သီဆိုထားတဲ့ တကိုယ်တော်အခွေ ထွက်ရှိတော့မယ်လို့ ဆိုပါတယ်။
“အခွေကတော့ လောလောဆယ် ပြန်ဆိုတေးတွေပေါ့။ သမီးရဲ့အဘိုး တေးရေး စန်းသော်တာရဲ့ သီချင်းတွေကို အရင်ဆုံး ပြန်ဆိုမှာပါ။ သမီးရဲ့အမျိုးတွေက အဘိုးနဲ့ ပတ်သက်တဲ့ သီချင်းတွေကို ဆိုခိုင်းတာ ကြာပြီ။ မဆိုဖြစ်တာပေါ့။ အခုမှ ဆိုဖြစ်သွားတာပေါ့။ လောလောဆယ်တော့ ၁၀ ပုဒ်လောက်ပေါ့။ စုံတွဲ အဆိုတော်က ၄ ပုဒ်လောက် ပါမယ်”လို့ မေလသံစဉ်က ပြောပါတယ်။
မေလသံစဉ်ကတော့ ပထမဆုံးထွက်မယ့် အခွေဟာ ပြန်ဆိုတေး ဖြစ်တဲ့အတွက် စိုးရိမ်နေမိပြီး အကောင်းဆုံး သီဆိုထားတဲ့အတွက် သည်းခံ ခွင့်လွှတ်ပေးကြပါလို့ သူက ဆိုပါတယ်။
“အမှန်အတိုင်း ပြောရရင် ကြောက်တယ်။ အရင်က မူရင်း အဆိုတော်တွေက အရမ်းကို ကောင်းတယ်။ သူတို့ ဆိုတာကို နားထောင်ရင်းနဲ့ ငါဆိုနိုင်ပါ့လား။ အဲ့လို အတွေးတွေတော့ ဝင်တာပေါ့။ ဒါပေမဲ့ အကောင်းဆုံး ကြိုးစားပြီးတော့ ဆိုပါတယ်။ တချို့နေရာတွေကိုတော့ သည်းခံပြီး ခွင့်လွှတ်ပေးကြပါ”လို့ မေလသံစဉ်က ပြောပါတယ်။
ကိုယ်ပိုင်သီချင်းနဲ့ အောင်မြင်ပြီးသား သီချင်းများကို ပြန်လည် သီဆိုတဲ့အခါ ကွာခြားချက်ကိုလည်း မေလသံစဉ်က အခုလိုပဲ ပြောပါတယ်။
“အဓိကကတော့ ကိုယ်ပိုင်သီချင်းနဲ့ သူများ သီချင်းတော့ ကွာတာပေါ့။ ကိုယ်ပိုင်သီချင်းကျတော့ ကိုယ်ကြိုက်တဲ့ ပုံစံတီး ကြိုက်သလိုဆို ကိစ္စ မရှိဘူး။ ဒီသီချင်းကို သူဆိုတာပဲဆိုပြီး သိသွားကြတာပဲ။ အရင် ဆိုပြီးသား သီချင်းတွေကျတော့ အားလုံးကြားဖူးပြီးသား ဆိုတော့ သူဘယ်လိုကြီး ဆိုလိုက်တာလဲဆိုပြီး အဖြစ် မခံချင်ဘူးပေါ့။ အဲဒါကြောင့် ချစ်စရာကောင်းအောင်ပဲ ဆိုတာပေါ့”လို့ မေလသံစဉ်က ပြောပါတယ်။
မေလသံစဉ်ကတော့ မကြာသေးခင်က တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့ပြီး အခုအချိန်မှာတော့ သူ့ရဲ့ပြန်ဆိုတေး အခွေ ပြုလုပ်ကာ သင်တန်းများ တက်ရောက်နေတယ်လို့ သိရပါတယ်။
“အခုလောလောဆယ် သင်တန်းလေးတွေ တက်ဖြစ်နေတယ်။ မီဒီယာပိုင်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေလည်း တက်တယ်။ တခြားသင်တန်းတွေလည်း တက်ဖြစ်တယ်။ ဂီတနဲ့ ပတ်သက်ရင်လည်း ကျွမ်းကျင်အောင် ကြိုးစားနေတယ်”လို့ မေလသံစဉ်က ပြောပါတယ်။
အဆိုတော် မေလသံစဉ်ဟာ အသက် ငယ်ရွယ်စဉ်ကတည်းက ဂီတကို ဝါသနာပါခဲ့ပြီး ၄ တန်းအရွယ်မှာ စန္ဒရား တီးတတ်ခဲ့ပြီး ၆ တန်းအရွယ်မှာတော့ ဂစ်တာ တီးတတ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာလည်း မေလသံစဉ်က သီချင်းများ သီဆိုလျက်ရှိပြီး ပရိသတ်တွေ အားပေး ချစ်ခင်ရတဲ့ ဆယ်ကျော်သက် အဆိုတော်တဦးပဲ ဖြစ်ပါတယ်။
You May Also Like These Story:
တက္ကသိုလ်ဝင်တန်း အောင်သွားပြီဖြစ်လို့ အနုပညာ အလုပ်တွေ ပိုလုပ်သွားမယ့် မေလသံစဉ်
စိတ်ဓာတ်ခွန်အားပေးတဲ့ သီချင်းများကို ကိုယ်တိုင်ရေးသား သီဆိုနေတဲ့ မေလသံစဉ်