Entertainment

တိရစ္ဆာန်သင်္ချိုင်း အလွန်က တားမြစ်နယ်မြေ (သို့မဟုတ်) "Pet Sematary"

Want create site? Find Free WordPress Themes and plugins.

ဒီတခါမှာတော့ အမေရိကန် စာရေးဆရာ Stephen King ရဲ့ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတဲ့ ၁၉၈၃ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ဒုတိယအကြိမ် ပြန်လည်ရိုက်ကူးထားတဲ့ “Pet Semetary” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကောင်း တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

၁၉၈၉ ခုနှစ်တုန်းက ရုပ်ရှင်အဖြစ် ပထမအကြိမ် ရိုက်ကူးခဲ့ဖူးပြီး အခု ဒုတိယအကြိမ် ရိုက်ကူးမှုမှာတော့ ဇာတ်လမ်း အလှည့်အပြောင်းတွေနဲ့ ပြန်လည် ပုံဖော်ထားတာပါ။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Kevin Kolsch နဲ့ Dennis Widmyer တို့ ရိုက်ကူးထားပြီး အဓိက သရုပ်ဆောင်တွေအနေနဲ့ Jason Clarke, Amy Seimetz, John Lithgow နဲ့ Jeté Laurence တို့ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်း အကြောင်းအရာကတော့ ဒေါက်တာ လူးဝစ်တို့ မိသားစုဟာ ကျေးလက်ဒေသတခုကို မိသားစုလိုက် ပြောင်းရွှေ့လာကြပြီး သူတို့နေထိုင်တဲ့ အိမ်ရဲ့ မလှမ်းမကမ်း နေရာမှာ အိမ်မွေး တိရစ္ဆာန်တွေကို မြှုပ်နှံတဲ့ တိရစ္ဆာန် သင်္ချိုင်းတခု ရှိပါတယ်။ အိမ်မွေးတိရစ္ဆာန် သင်္ချိုင်းရဲ့ အလွန်မှာတော့ သွားလာဖို့ တားမြစ် ကန့်သတ်ထားတဲ့ ဖုန်းဆိုးမြေ တခုရှိပြီး ဒီဖုန်းဆိုးမြေအကြောင်း စတင် မိတ်ဆက်ပေးသူကတော့ အိမ်နီးချင်း အဘိုးအို ဂျက်ပဲ ဖြစ်ပါတယ်။

တရက်မှာတော့ ဒေါက်တာ လူးဝစ်ရဲ့ သမီးဖြစ်သူ အယ်လီရဲ့ကြောင်လေး Church ဟာ ကားတိုက်ခံရတာကြောင့် သေဆုံးသွားခဲ့ပါတယ်။ အချစ်တော်ကြောင်လေး Church သေဆုံးသွားတာကြောင့် အယ်လီတယောက် ဝမ်းနည်းပက်လက် ဖြစ်နေရှာတာကို မကြည့်ရက်ကြတဲ့ အိမ်နီးချင်း အဘိုးအို ဂျက်နဲ့ ဖခင်ဖြစ်သူ လူးဝစ်တို့ဟာ တိရစ္ဆာန် သင်္ချိုင်းအလွန်က ဖုန်းဆိုးမြေဆီ သွားကာ တားမြစ် ကန့်သတ်ထားတာ တခုကို ပြုလုပ်ခဲ့ကြပါတယ်။

သူတို့ ဆန္ဒအတိုင်း နောက်ရက်မှာတော့ Church ဟာ အသက်ရှင်လျက် အိမ်ပြန်ရောက်လာခဲ့ပေမယ့် အရင်ကလို လူတွေနဲ့ ယဉ်ပါးပြီး ချစ်စရာကောင်းတဲ့ Church မဟုတ်တော့ပါဘူး။

သိပ်မကြာခင်မှာတော့ ဒေါက်တာ လူးဝစ်တို့မိသားစုအပေါ် ကံကြမ္မာဆိုးတခု ကျရောက်ခဲ့ပြီး လူးဝစ်ရဲ့ သမီးလေး အယ်လီဟာ သူ့ရဲ့ ၉ နှစ်ပြည့်မွေးနေ့မှာ ကုန်တင်ကားတစီးနဲ့ တိုက်မိပြီး သေဆုံးသွားခဲ့ပါတယ်။ သမီးအတွက် ဖြေမဆည်နိုင်အောင် ဖြစ်ရတဲ့ ဖခင်ဖြစ်သူ လူးဝစ်ဟာ မလုပ်သင့်၊ မလုပ်ထိုက်တာတခုကို ပြုလုပ်ခဲ့ပြီး အဲဒါရဲ့နောက်ဆက်တွဲ အဖြစ်အပျက်တွေကိုတော့ ရင်တထိတ်ထိတ်နဲ့ ဆက်လက် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁ နာရီခွဲသာ ရှိတဲ့ ဒီရုပ်ရှင်ရဲ့ မူရင်းဝတ္ထုဟာ တကယ့် အဖြစ်အပျက်ကို ပြန်လည် ရေးသားထားတယ်ဆိုတဲ့ အချက်က သင့်ကို ပိုမိုထိတ်လန့်စေမှာ ဖြစ်ပြီး တောထဲက ဖုန်းဆိုးမြေရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကလည်း စိတ်ချောက်ချားမှုကို အပြည့်အဝ ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Horror ဇာတ်ကားကောင်း ကြိုက်သူတွေအတွက် “Pet Sematary” ဇာတ်ကားကို ပြန်လည် ညွှန်းဆိုပေးလိုက်ပါတယ်။

You May Also Like These Story:

“Pet Sematary” ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ ကြောင်လေး ကွယ်လွန်

ရုပ်ရှင်ချစ်သူတွေ စောင့်မျှော်ကြည့်ရှုရတောမယ့် Horror ရုပ်ရှင်များ

Did you find apk for android? You can find new Free Android Games and apps.
Loading