ကမ္ဘာကျော် Disney ကာတွန်း ဇာတ်ကောင်ဖြစ်တဲ့ Minnie Mouse အသံပိုင်ရှင် Russi Taylor ဟာ အ သက် ၇၅ နှစ် အရွယ်မှာ ကွယ်လွန်သွားပြီလို့ Disney က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၁၉၈၀ နှစ်လယ်လောက် တည်း က Minnie အသံပိုင်ရှင်အဖြစ် နောက်ခံစကားပြောပေးခဲ့သူ တေလာဟာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Glendale မြို့မှာ သောကြာနေ့က ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်တဲ့ အကြောင်းရင်းကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။
တေလာဟာ ထင်ရှားကျော်ကြားတဲ့ ဇာတ်ကောင်အသံကို နောက်ခံ ပြောပေးခဲ့တာ ဆယ်စုနှစ် ၃ ခုကျော် ကြာခဲ့တယ်လို့ ဆိုပါတယ်။ Minnie Mouse အသံကို ရုပ်ရှင်၊ တီဗီနဲ့ Disney Theme Parks တွေအတွက် ပရောဂျက် ရာနဲ့ချီ လုပ်ပေးခဲ့ပါတယ်။
“Russi ဆုံးသွားတာနဲ့အတူ Minnie Mouse ရဲ့ အသံလည်း ပျောက်ဆုံးသွားရပါပြီ။ နှစ် ၃၀ ကျော် Minnie နဲ့ Russi အလုပ်တူတူတွဲလုပ်ခဲ့ပြီး ကမ္ဘာတဝှမ်းက ပရိသတ်တွေကို ဖျော်ဖြေခဲ့ကြတာပါ။ Minnie က ကမ္ဘာကျော် ဇာတ်ကောင်တယောက် ဖြစ်လာခဲ့ပြီး Russi ကတော့ ပရိသတ် အချစ်ဆုံး Disney ရဲ့ ဂန္ထဝင်တယောက် ဖြစ်ခဲ့ပါတယ်”လို့ Disney ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ CEO လည်းဖြစ်တဲ့ Robert Iger က ပြောပါတယ်။
တေလာကို ၁၉၄၄ ခု၊ မေလ ၄ ရက်မှာ မက်ဆက်ချုးဆက်ပြည်နယ်၊ ကမ်းဘရစ်ချ်မှာ မွေးဖွားခဲ့ပါတယ်။ သူ ငယ်ငယ်တည်းက Disney ကို လာလည်ရင်း တည်ထောင်သူနဲ့ တွေ့ပြီး ဒီမှာ အလုပ်လုပ်ချင်ကြောင်း ပြောပြခဲ့ပါတယ်။
“Disney တည်ထောင်သူက ကျမကို ကြီးလာရင် ဘာလုပ်မလဲ မေးတော့ ရှင့်အတွက် အလုပ်လုပ်ပေးချင် တယ်လို့ ဖြေခဲ့တယ်။ ဒီတော့ သူကလည်း အိုကေဆိုလို့ ခု ကျမ Disney မှာ လုပ်နေတာပါ” လို့ တေလာ့ အမှတ်တရ စကားကို Disney ရဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းပေးခဲ့ပါတယ်။
တေလာဟာ Mickey Mouse အသံပိုင်ရှင် Wayne Allwine နဲ့ ၁၉၈၀ နှစ်လယ်လောက်မှာ စတင်တွေ့ဆုံခဲ့ ကြပြီး ၁၉၉၁ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ Wayne ကတော့ ၂၀၀၉ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး ၁၉၇၇ ခုနှစ်က နေ ကွယ်လွန်ချိန်ထိ Mickey Mouse နောက်ခံအသံပိုင်ရှင် လုပ်ခဲ့ပါတယ်။
တေလာဟာ Minnie ဇာတ်ကောင်တင်မကဘဲ “The Rescuers Down Under” ထဲက Donald Duck ရဲ့တူ Huey၊ Dewey နဲ့ Louie တို့အဖြစ် အသံသရုပ်ဆောင်ပေးခဲ့သလို၊ “The Simpsons” ထဲက Martin Prince ရယ်၊ အမွှာ Sherri နဲ့ Terri အဖြစ်လည်း ပါဝင်ခဲ့ပါသေးတယ်။
“ကျမ ဘယ်တော့မှ နာမည် မကြီးချင်ခဲ့ဘူး။ ကျမ ပံ့ပိုးပေးခဲ့တဲ့ ကာတွန် းဇာတ်ကောင်လေးတွေ နာမည်ကျော်ခဲ့ရင် ကျေနပ်ပါပြီ” လို့ တေလာပြောခဲ့စကားကို အမှတ်တရ ထုတ်ပြန်ချက်မှာ ထည့်ပေးထားပါတယ်။
Ref: edition.cnn
You May Also Like These Story:
“The Little Mermaid” ရုပ်ရှင်မှာ ရေသူမလေး အဖြစ် Halle Bailey သရုပ်ဆောင်မှာဖြစ်
၂၀၁၉ ခုနှစ်မှာ Disney က ထပ်မံထွက်ရှိမယ့် ရုပ်ရှင်ဇာတ်ကားများ
Disney ကုမ္ပဏီကနေ ဆက်လက် ထွက်ရှိလာမယ့် Live-action ရုပ်ရှင်များ