Entertainment

နာမည်ပြောင်းလိုက်တဲ့ ကီမိုနိုအတွင်းခံ ၂ သန်းကို အလဟဿ မဖြစ်အောင် Kim Kardashian ကြိုးပမ်းနေ

Kim Kardashian ဟာ သူ့ရဲ့ ကီမိုနိုအတွင်းခံ ဝတ်စုံအတွက် ကုန်ပစ္စည်း အမှတ်တံဆိပ်နာမည်ကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ထုတ်လုပ်ပြီးသား ဝတ်စုံတွေထဲက တံဆိပ်တွေကို ပြောင်းဖို့ တော်တော်လေး ခက်ခက်ခဲခဲ ကြိုးပမ်းနေရတယ်လို့ ဆိုပါတယ်။

အသက် ၃၈ နှစ်အရွယ် အလှဘုရင်မ Kim ဟာ အခုလ အစောပိုင်းမှာပဲ သူထုတ်လုပ်တဲ့ အတွင်းခံနာမည်ဟာ ဂျပန်နိုင်ငံရဲ့ ရိုးရာဝတ်စုံနာမည်နဲ့ ဆင်တူနေတာကြောင့် ယဉ်ကျေးမှုဆိုင်ရာ စကားလုံးကို ခုတုံးလုပ်အမြတ်ထုတ်ထားတယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် တံဆိပ် နာမည်ပြောင်းမယ်ဆိုပြီး အခုလ အစောပိုင်းမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုတော့ အဲ့ဒီကိစ္စက သူထင်သလောက် မလွယ်ဘူးဆိုတာ ပုံပေါ်လာပြီ ဖြစ်ပါတယ်။ Kim ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့တုန်းက ကုမ္ပဏီဟာ ဝတ်စုံ ၂ သန်းနီးပါးကို ထုတ်လုပ်ထားပြီး ဖြစ်တဲ့အကြောင်း အတွင်းမှာ ကီမိုနိုဆိုတဲ့ နာမည်ကို ရိုက်နှိပ်ထားတဲ့ အကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီ ထုတ်လုပ်လိုက်ပြီးဖြစ်တဲ့ ဝတ်စုံတွေကို အလဟဿ မဖြစ်စေချင်ကြောင်းနဲ့ ထုတ်ထားပြီးတဲ့ ပစ္စည်းတွေပေါ်မှာ ဘယ်လိုမျိုး ပြောင်းလဲမှုလုပ်မယ်ဆိုတဲ့ အစီအစဉ်ကို စဉ်းစားနေတယ်လို့လည်း ဆိုပါတယ်။

Instagram Story နဲ့ Twitter မှာ မျှဝေခဲ့တဲ့ ဗီဒီယို တခုမှာဆိုရင်သူက “ကျမက အရာအားလုံး ချောချောမွေ့မွေ့နဲ့ ကောင်းကောင်းမွန်မွန် ဖြစ်စေချင်တာပါ။ အဲ့ဒီဝတ်စုံတွေ အားလုံးထဲမှာ အရာအားလုံးကို ရိုက်နှိပ်ထားပါတယ်။ ဒါကြောင့် အခုတော့ ကျမ အဖြေတခုကို ရှာရပါတော့မယ်။ ကီမိုနိုဆိုတဲ့ နာမည်နဲ့ ဝတ်စုံပေါင်း ၂ သန်းနီးပါးကို ရိုက်နှိပ်ထားတာဖြစ်လို့ အလဟဿ မဖြစ်စေချင်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

“The Keeping Up with the Kardashians” စတားဖြစ်တဲ့ Kim ဟာ ကြီးမားတဲ့ အနက်ရောင် စတုရန်းပုံနဲ့ လိုဂိုကို ဖုံးရမလား၊ လိုဂိုကို ဖယ်ရမလား၊ ဒါမှမဟုတ် ဝတ်စုံနဲ့ အရောင်တူ ဖိုင်ဘာချည်မျှင်နဲ့ ဖုံးရမလားဆိုတာ ဝေခွဲမရ ဖြစ်နေပါတယ်။

ဒါပေမဲ့ Kim ကတော့ အဲ့ဒီနည်းတွေ အားလုံးနီးပါးကို သဘောမတွေ့ပေမယ့် ပါးလွှာတဲ့ ဖိုင်ဘာချည်မျှင်နဲ့ ကီမိုနိုဆိုတဲ့ စကားလုံးကို ဖုံးမယ်ဆိုတဲ့အကြံကိုတော့ သဘောကျတယ်လို့ သိရပါတယ်။ ဝေဖန်မှုတွေကြောင့် သူ့ရဲ့ ဝတ်စုံတံဆိပ် နာမည်ကို အခုလထဲမှာပဲ နာမည်ပြောင်းခဲ့ပြီး အဲ့ဒီမူရင်းနာမည်ကို ရွေးချယ်ခဲ့တဲ့ အချိန်မှာ အပြစ်ကင်းတဲ့ ရည်ရွယ်ချက်သာ ရှိခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: asiaone

You may also like these stories:

Kim Kardashian West ရဲ့ “ကီမိုနို” အတွင်းခံကို ဂျပန်နိုင်ငံသားတွေ ဝေဖန်

ဝေဖန်မှုများကြောင့် Kim Kardashian ရဲ့ “ကီမိုနို”အတွင်းခံကို နာမည်ပြောင်းပေးမည်

Loading