“Jurassic World” ရုပ်ရှင်ဒါရိုက်တာ Colin Trevorrow က သူဖန်တီးမယ့် အဲ့ဒီ သိပ္ပံစိတ်ကူးယဉ် စွန့်စားခန်း ရုပ်ရှင်မှာ မူရင်းသရုပ်ဆောင်တွေ ပါဝင်လာနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
အသက် ၄၂ နှစ်အရွယ် ဒါရိုက်တာ Colin က ၁၉၉၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မူရင်းရုပ်ရှင်မှာ Ellie Sattler နဲ့ Alan Grant အဖြစ် ပါဝင်ခဲ့တဲ့ မင်းသမီး Laura Dern ၊ မင်းသား Sam Neill တို့နဲ့အတူ “Jurassic World: Fallen Kingdom” မှာ ဒေါက်တာ Ian Malcolm အဖြစ် ပါဝင်ခဲ့တဲ့ မင်းသား Jeff Goldblum တို့ပါ ပါဝင်မယ်ဆိုရင် အတိုင်းအထက် အလွန်ပျော်မိမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Variety မီဒီယာကို ပြောကြားရာမှာတော့ ဒါရိုက်တာကြီးက “ဘာကိုမှတော့ မတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ ဘယ်အရာကမှ အဲ့ဒီလိုလူတွေနဲ့ အလုပ်အတူတူ လုပ်ရတာလောက် ကျနော့်ကို ပျော်ရွှင်စေမှာ မဟုတ်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။
Jurassic World စီးရီးရဲ့နောက်ဆုံးရုပ်ရှင် ဖြစ်လာဖို့များတဲ့ အဲ့ဒီရုပ်ရှင်အသစ်ကိုတော့ ဒါရိုက်တာ Colin က တချိန်တည်းမှာ ရုပ်ရှင်တခုတည်းကိုပဲ အာရုံစိုက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ သူက “ကျနော်က တမျိုးဆိုတမျိုး၊ တကားဆို တကားပဲ လုပ်တတ်တဲ့သူပါ။ ဒါကြောင့် ကျနော့် မျက်လုံးတွေက ဒီတခုကိုပဲ အာရုံစိုက်ထားပါတယ်။ ပြီးတော့ အခုထိ စီးရီးကြီးထဲမှာ ရှိနေတဲ့ အရာရာတိုင်းအတွက် ဂုဏ်ပြုရတော့မှာ ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
အသက် ၅၃ နှစ်အရွယ် မင်းသမီး Laura ကတော့ ဆဋ္ဌမမြောက် ဒိုင်နိုဆောရုပ်ရှင်မှာ ထုတ်လုပ်သူတွေက ခေါ်မှာလား ၊ မခေါ်ဘူးလား မသိသေးပေမယ့် တကယ်လို့သာ သူ့ရဲ့ မူရင်းဇာတ်ရုပ်မှာသာ ပြန်သရုပ်ဆောင်ရမယ်ဆိုရင် ငြင်းမှာ မဟုတ်ဘူးလို့ ဝန်ခံပြောဆိုထားပါတယ်။
သူက “ကျမ မသိပါဘူး။ လောလောဆယ် တွေးထားတာမျိုး မရှိသေးပါဘူး။ ကျမ ပြောချင်တာက ဒေါက်တာ Ellie Satler ဇာတ်ကောင်ကို ချစ်ပါတယ်။ နောက်တဆင့်အတွက် ကျမက ဘယ်တော့မှ ငြင်းမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့က ကျမကို ခေါ်မယ်၊ မခေါ်ဘူးဆိုတာ မသိနိုင်သေးပါဘူး”လို့ ဆိုပါတယ်။
မကြာသေးခင်တုန်းက Jurassic World ခေါင်းဆောင်မင်းသား Chris Pratt နဲ့ တွေ့ဆုံခဲ့ပြီး ချက်ချင်းဆိုသလိုပဲ ရင်းနှီးသွားတဲ့အကြောင်း မင်းသားဟာ ထူးခြားပြီးတော့ ဟာသဉာဏ်ရွှင်တဲ့သူ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
သူက “ကျမ Chris နဲ့ မကြာသေးခင်တုန်းက စားသောက်ဆိုင်တခုမှာ တွေ့ခဲ့တယ်။ တယောက်ကို တယောက် မသိခဲ့ကြဘူး။ တော်တော်လေး ရယ်ရတယ်။ ကျမတို့ တယောက် လက်မောင်း တယောက် ဆွဲပြီးတော့ ဖက်ခဲ့ကြတယ်။ ကျမတို့က ရုပ်ရှင်စီးရီးတခုတည်းမှာ မိသားစုလိုပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
ရုံဝင်ငွေစာရင်းထိပ်ဆုံးကို ပြန်လည်ရောက်ရှိလာတဲ့ ‘Jurassic World: Fallen Kingdom’ ရုပ်ရှင်
တောင်ကိုရီးယားမှာ ကြည့်ရှုနှုန်း စံချိန်တင်သွားတဲ့ “Jurassic World: Fallen Kingdom”