Marvel ရုပ်ရှင်ဇာတ်ကားတွေရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ Stan Lee ဟာ ၂၀၁၈ ခုနှစ်က ကွယ်လွန်သွားခဲ့ပြီး ဖြစ်ပါတယ်။ ကာတွန်း စာအုပ်ပေါင်း များစွာကို ရေးဆွဲခဲ့တဲ့ Stan Lee ရဲ့ သေဆုံးမှုကြောင့် Superhero ပရိသတ်တော်တော်များများက ဝမ်းနည်း ပူဆွေးခဲ့ရပါတယ်။ Stan Lee ရဲ့ ရေးဆွဲမှုတွေထဲက လူသိအများဆုံး Superhero ဇာတ်ကောင်ကတော့ ပင့်ကူလူသား “Spider Man” ဖြစ်ပါတယ်။
New York Post သတင်းစာရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ နယူးယောက်မြို့ ကောင်စီ အစည်းအဝေးမှာ မဲပေးရွေးချယ်ပြီးနောက် Stan Lee နာမည်နဲ့ လမ်း တလမ်းကို ပြောင်းလဲ သတ်မှတ် ဂုဏ်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
အသက် ၉၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ Marvel ရဲ့ ပဲ့ကိုင်ရှင် Stan Lee ကို ဂုဏ်ပြုတဲ့ အနေနဲ့ နယူးယောက်မြို့၊ Bronx စီရင်စုအတွင်းက တက္ကသိုလ်ရိပ်သာလမ်း အနီးမှာ ရှိတဲ့ လမ်းတလမ်းကို “Stan Lee Way” လို့ ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ကောင်စီအတွင်းမှာ မဲအရေအတွက် အမြောက်အများနဲ့ နာမည်ပြောင်းဖို့ မဲခွဲ ဆုံးဖြတ်နိုင်ခဲ့တာဖြစ်ပြီး နယူးယောက်မြို့ရဲ့ မြို့တော်ဝန် လက်မှတ်ထိုးပြီးတာနဲ့ တရားဝင် ဖြစ်တော့မှာ ဖြစ်ပါတယ်။ ဒီလို မဲပေးပြီး အောင်နိုင်ခဲ့တာဟာ Stan Lee ကိုယ်တိုင်က နယူးယောက် မြို့သားစစ်စစ် ဖြစ်တာကြောင့် ဖြစ်ပြီး သူကိုယ်တိုင် ကြီးပြင်းလာတဲ့ လမ်းဖြစ်တာကြောင့် အခုလို ဂုဏ်ပြုပေးခဲ့တာလည်း ဖြစ်ပါတယ်။
Stan Lee ဟာ Bronx စီရင်စု အတွင်းက DeWitt Clinton အထက်တန်းကျောင်းထွက် ဖြစ်တာကြောင့် အခုလို သူကြီးပြင်းလာတဲ့ လမ်းကို သူ့နာမည်နဲ့ ဂုဏ်ပြုပေးပြီး အမြဲအမှတ်ရနေစေတာလို့ သိရပါတယ်။
ကာတွန်းဇာတ်ကောင်တွေနဲ့ Superhero တွေကို ကြိုက်နှစ်သက်သူတွေ အတွက်ကတော့ Stan Lee ကို အခုလို ဂုဏ်ပြုတာကို ဝမ်းသာပျော်ရွှင်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ “Stan Lee Street” လို့ပဲ ခေါ်ခေါ်၊ “Stan Lee Road” လို့ ပဲ ခေါ်ခေါ် ရတယ်ဆိုပေမယ့် Stan Lee ရဲ့ ဘဝ ဖြတ်သန်းမှုကို လေးစားသဘောကျသူတွေကတော့ “Stan Lee Way” လို့ ခေါ်တာ ပိုကောင်းတယ်လို့ မှတ်ချက်တွေ ပေးထားကြပါတယ်။
Ref. cinemablend.com