Entertainment

ဇာတ်နာတဲ့ ရုပ်ရှင်ကားတွေ ရိုက်ဖို့ ရှိနေတဲ့ မော်ဒယ် Alice Ong

Want create site? Find Free WordPress Themes and plugins.

“Dimensions” (မျက်နှာပြင်များ) ရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ မော်ဒယ်၊ သရုပ်ဆောင် Alice Ong ကတော့ ရုပ်ရှင်ကားကြီး ၃ ကား ရိုက်ဖို့အတွက် လက်ခံထားပြီး ထူးထူးခြားခြား ဇာတ်လမ်းတွေလို့ ပြောပါတယ်။

“ရုံတင်ကားကြီး ၃ ကား လက်ခံထားပါတယ်။ ၃ ကားလုံးကတော့ မဆိုးဘူး။ Story Line တွေ အခု ဖတ်ကြည့်နေတာပေါ့နော်။ ဇာတ်နာတာလေးတွေလည်း ပါတယ်။ ရိုက်ဖူးနေကျ မဟုတ်တဲ့ ဇာတ်လမ်း ဇာတ်အိမ် ကာရိုက်တာလေး ရှိတယ်။ ပြီးတော့ ဇာတ်လမ်းတွဲ တခုလည်း လက်ခံထားပါသေးတယ်။ တခြားကြော်ငြာတွေ တော်တော်များများ လက်ခံထားတယ်”လို့ Alice Ong ကပြောပါတယ်။

Alice Ong ကတော့ လူငယ် သရုပ်ဆောင်သစ် တယောက်ဖြစ်တာကြောင့် များသောအားဖြင့် ဖန်စီဆန်ဆန် လူငယ်ပုံစံများသာ လာအပ်ကြပြီး အခုတခါ ရိုက်မယ့် ဇာတ်ကားများကတော့ စိန်ခေါ်မှုရှိတဲ့ ဇာတ်ရုပ်များ ဖြစ်တယ်လို့ ဆိုပါတယ်။

“နည်းနည်း ဇာတ်နာပြီးတော့ တကားနဲ့ တကားလည်း ပုံစံ မတူဘူး။ အဲလစ်တို့ကျတော့ သရုပ်ဆောင်သစ်တွေဆိုတော့ ပုံမှန်ဆိုရင် ဖန်စီဆန်ဆန်၊ လူငယ်ဆန်ဆန်တွေပဲ လာအပ်ကြတယ်။ ဒါပေမဲ့ ဒီဟာကျတော့ ဒါရိုက်တာ ကိုယ်တိုင်ကလည်း စိန်ခေါ်မှုတခု ဖြစ်စေချင်တယ်။ သေချာလေး တောင်းဆိုထားတာ ဖြစ်တယ်”လို့ Alice Ong က ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားများကိုတော့ တကားပြီးတကား ရိုက်ကူးသွားမှာဖြစ်ပြီး ပထမဆုံးကားကိုတော့ မကြာခင် ၈ လပိုင်းထဲမှာ ရိုက်သွားမယ်လို့ သိရပါတယ်။

“တကားပြီးမှ တကား ရိုက်သွားမှာပေါ့နော်။ ပထမ တကားကတော့ ၈ လပိုင်းမှာ စရိုက်မယ်။ လလယ်ပိုင်းမှာ စရိုက်မယ်။ အရင်တုန်းကဆို ခေတ်စားတယ်။ ဘယ်နှကား ပြိုင်တူ ရိုက်တယ်ဆိုပြီးတော့။ ဒါပေမဲ့ အဲလစ်တို့ကတော့ အဲ့ခေတ်ကို မမှီလိုက်ဘူး။ နောက်ပိုင်းတော့ အဲ့လို မရှိတော့ဘူး။ ကာရိုက်တာတွေကလည်း အရမ်းကို စိန်ခေါ်မှုဖြစ်တော့ တကားတည်းကိုပဲ Mood သွင်းပြီးတော့ တကားပြီးမှ တကား ရိုက်ဖြစ်မှာပါ”လို့ Alice Ong က ပြောပါတယ်။

Alice Ong ဟာ Canal+ ရုပ်သံလိုင်းမှာလည်း အစီအစဉ်များ တင်ဆက်နေပြီး ကြော်ငြာများ ရိုက်ထားကာ ရုပ်ရှင်ကားများ ရိုက်ပြီးရင်လည်း ဇာတ်လမ်းတွဲ ရိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။

Alice Ong ကိုတော့ ကြော်ငြာမော်ဒယ် တယောက်အနေနဲ့ ပရိသတ်များ သိရှိပြီးနောက်မှာ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ကားဖြစ်တဲ့ “Dimensions” (မျက်နှာပြင်များ) ရုပ်ရှင်နဲ့ ပရိသတ် အားပေးမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

You May Also Like These Story:

“Dimensions” (မျက်နှာပြင်များ)ကို ဖန်တီးသူ ဒါရိုက်တာ ဉာဏ်ထင်နှင့် တွေ့ဆုံခြင်း

Did you find apk for android? You can find new Free Android Games and apps.
Loading