ပရဟိတ လုပ်ငန်းတွေ အမြဲ စဉ်ဆက်မပြတ် လုပ်ကိုင်လျက်ရှိတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေဟာ မကြာသေးခင် ရက်ပိုင်းအတွင်းက ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် ရဲလေးမရဲ့ မုန့်ဟင်းခါးဆိုင် ဖွင့်ချင်တဲ့ စိတ်ကူး အိပ်မက်တွေကို အကောင်အထည် ဖော်ပေးခဲ့ပါတယ်။ ရဲလေးမကို ကူညီပေးဖြစ်ပုံနဲ့ ပတ်သက်ပြီး ခိုင်နှင်းဝေက အခုလိုပဲ ဆိုပါတယ်။
“ကျမ အမေရိကားက မိတ်ဆွေက သူ့အစ်ကို ဆုံးသွားလို့ အလှူလေး လုပ်ချင်တယ်ဆိုတော့ ရဲလေးမ မုန့်ဟင်းခါး ရှိတယ်၊ ကျွေးရအောင်ဆိုတော့ ရဲလေးမကို ဖုန်းဆက် အကူအညီတောင်းပြီး ကျွေးဖြစ်တာပေါ့။ နောက်တခုက ဘာပွဲရှိရှိ သူ့မုန့်ဟင်းခါးလေးကို အော်ဒါ မှာလို့ရတယ် ဆိုတာလေးကိုလည်း သတိရစေချင်လို့ သူ့မုန့်ဟင်းခါးကို အော်ဒါ မှာပြီးကျွေးတာပါ။ သူက လမ်းထိပ်မှာ ဆိုင်ဖွင့်ချင်နေတာ ကြာပြီဆိုတော့လေ သူ့ရဲ့ အိပ်မက်လေး အကောင်အထည် ပေါ်သွားအောင် ဝိုင်းပြီး ကူညီပေးလိုက်တာပါ”
“အများကြီး မလှူနိုင်ပေမယ့် သူ့ရဲ့ အိပ်မက်လေး တထောင့် တနေရာကနေ ပါဝင်ဖြည့်ဆည်းခွင့် ရတယ်ဆိုရင်ပဲ အများကြီး ဝမ်းသာမိပါတယ်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။

ရဲလေးမကလည်း သူ့ရဲ့ ဆိုင်ဖွင့်ချင်တဲ့ စိတ်ကူးကို အကောင်အထည် မဖော်နိုင်သေးခင်မှာ ခိုင်နှင်းဝေက အကောင်အထည် ဖော်ပေးတဲ့အတွက် အရမ်းကို ဝမ်းသာ၊ ဝမ်းနည်း ဖြစ်ရတယ်လို့ ဆိုပါတယ်။
“မခိုင်နှင်းဝေက မောင်လေး မုန့်ဟင်းခါးကို လှူချင်တယ်ပေါ့။ မခိုင်နှင်းဝေ ဖုန်းဆက်တာနဲ့ လှူဖြစ်တာပေါ့။ ကျနော်ကတော့ လုပ်အားဒါနပါပဲ။ မခိုင်နှင်းဝေ မှာတာက အချိန် ၃၀၊ ကျနော်ကတော့ အချိန် ၅၀ အပြည့်ချက် ပေးထားတယ်။ ကျနော် လုံးဝ မထင်ထားဘူး။ အလှူလာလုပ်မယ်လို့ပဲ ထင်ထားခဲ့တာလေ။ လမ်းထိပ်မှာ ဆိုင်လေး ဖွင့်ချင်ခဲ့တာ ကြာပြီ။ အရင်းအနှီးကလည်း မရှိဘူးလေ။ မိသားစုမှာလည်း ကျနော့်ရဲ့ အစ်ကိုက ဆီးချိုကြောင့် ခြေထောက် ဖြတ်ရမယ်လေ”
“ဆေးရုံ တင်ထားရတော့ အစ်ကို့ စိတ်ကူးလေးတွေလည်း အကောင်အထည် မဖော်နိုင်သေးဘူး ဖြစ်နေတာ။ အခုလို အစ်မက Surprise လုပ်ပေးတာ လုံးဝကို မထင်ထားဘူး။ မျှော်လည်း မမျှော်လင့်ထားဘူး။ အခုလို လုပ်ပေးတဲ့အတွက် အရမ်းကို ဝမ်းသာ၊ ဝမ်းနည်း ဖြစ်ခဲ့ရတယ်။ အစ်မရဲ့ စေတနာကိုလည်း အသိအမှတ်ပြုသလို အရမ်းလည်း ပီတိဖြစ်ရတယ်”လို့ ရဲလေးမက ပြောပါတယ်။
သရုပ်ဆောင် ရဲလေးမကိုတော့ မြန်မာရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ သရုပ်ဆောင်ကောင်းတဲ့ ဇာတ်ပို့၊ ဇာတ်ရံ တဦးအဖြစ် ပရိသတ်တွေ သိရှိခဲ့ကြတာပါ။ မိန်းမလျာ ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်တာ များတဲ့ ရဲလေးမကတော့ ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားပြီး သူ့ရဲ့ ဝင်ငွေနဲ့ မိသားစုကို ထောက်ပံ့ လုပ်ကျွေးနေသူလည်း ဖြစ်ပါတယ်။
You may also like these stories:
“ပရဟိတ အလုပ်တွေ လုပ်လို့ အနုပညာမှာ မထိခိုက်ဘူး”လို့ ခိုင်နှင်းဝေ ပြော
မိဘမဲ့ကလေး ငါးယောက်ကို မွေးစားလိုက်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေ
“ငွေကြေးချမ်းသာပြီး စိတ်ပူနေရမယ့် ဘဝမျိုးကိုလည်း မလိုချင်ဘူး”