ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ ASEAN Song Contest 2019 ပြိုင်ပွဲကို အဆိုတော် အိမ့်ချစ်က မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး 2nd Runner Up ဆု ရရှိခဲ့တယ်လို့ သိရပါတယ်။
“ဘယ် ပြိုင်ပွဲဝင်တွေ ဘယ်လို သီချင်းတွေ ရွေးရွေး၊ ကိုယ့်သီချင်းပဲ ကိုယ်ဆိုမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ Semi Final မှာ ‘Slay’ အခွေထဲက ‘Stuck’ ဆိုတဲ့ သီချင်းကို ဆိုခဲ့တယ်။ Final မှာတော့ ‘အောင်မြင်မှု နောက်ကွယ်’ သီချင်း ဆိုခဲ့တယ်။ အသံ ဘယ်လောက်နာနာ၊ ပြိုင်နေတယ် သဘော မထားဘဲ ငါ ပရိတ်သတ်ကို အကောင်းဆုံး ဖျော်ဖြေမယ်ဆိုတဲ့ စိတ်နဲ့ပဲ စင်ပေါ် တက်ခဲ့တယ်”လို့ အိမ့်ချစ်က သူ့ရဲ့ Facebook အကောင့်မှာ ရေးသား တင်ထားပါတယ်။
အဲဒီပြိုင်ပွဲမှာ ဒိုင်များဟာ အိမ့်ချစ်ကို ကိုယ်ပိုင်သီချင်း ရွေးချယ်ကာ သီချင်းဆိုနိုင်တဲ့အတွက် ချီးကျူးစကား ဆိုခဲ့ကြတယ်လို့ သိရပါတယ်။ အိမ့်ချစ်ကတော့ သူကိုယ်တိုင် ရေးသားထားတဲ့ သီချင်းများနဲ့ ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မထင်မှတ်ဘဲ ဆု ရရှိခဲ့တာလို့ ဆိုပါတယ်။
“ဒိုင်တွေက ကိုယ့်ကို သီချင်းရေးနိုင်တာ၊ ကိုယ်ပိုင်သီချင်းကို ရွေးချယ်ဆိုတာတွေအတွက်တော့ ချီးကျူးကြတယ်။ ဒါပေမဲ့ Best Effort ဆု၊ Best Performance ဆုတို့ ပေးတာတွေ ပြီးသွားတဲ့အချိန်မှာ ၅ ယောက်ပဲ ကျန်တယ်။ ဒီဆုတွေထဲတောင် ငါမပါတာ 1st, 2nd, 3rd ထဲတော့ မပါလောက်တော့ပါဘူး ဆိုပြီး အေးဆေးပဲ နေလိုက်ကာမှ Eint Chit From Myanmar ဆိုတော့”လို့ အိမ့်ချစ်က ဆိုထားပါတယ်။
ASEAN Song Contest 2019 ကို ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံနဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့မှ ပြိုင်ပွဲဝင်များလည်း ပါဝင်ခဲ့ပြီး အားလုံးပေါင်း ပြိုင်ပွဲဝင် စုစုပေါင်း ၂၂ယောက် ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။