လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေပန်းစားခဲ့တဲ့ မုဒိမ်းကျင့်ပြီး အသတ်ခံခဲ့ရသူ “မြမြ” ဆိုတဲ့ မိန်းကလေးတယောက်အကြောင်း ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးမယ့် ဇာတ်ကားမှာ မုဒိမ်းသမားအဖြစ် သရုပ်ဆောင်ဖို့ အမျိုးသား သရုပ်ဆောင်တွေကို ခေါ်ယူခဲ့တဲ့ ဒါရိုက်တာ ညိုမင်းလွင်က မှန်းထားတာထက် လျှောက်ထားသူ ရာကျော် ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“မုဒိမ်းသမားအဖြစ် သရုပ်ဆောင်ဖို့ အမျိုးသား သရုပ်ဆောင်တွေကို ခေါ်တာ၊ ကျနော် ထင်ထားတာ ထက်တောင် များနေတယ်။ အဲ့လောက် လာလျှောက်ကြမယ် မထင်လို့ ရက်တောင် နည်းနည်းလေး ခွာပြီး သြဂုတ် ၃၁ အထိ ထားထားတာ။ အခု အရမ်း များနေတယ်။ စာရင်း အတိအကျတော့ မသိပေမယ့် မှန်းထားထက် ရာကျော် လာလျှောက်ကြတယ်”
“ရုပ်ရှင်လောကမှာ ဘယ်သူမှ သရုပ်မဆောင်ချင်ကြတဲ့ နေရာကို လူဟောင်းတွေကို ခေါ်သုံးရင် စကား အရမ်းပြောရမယ်၊ ညှိရမယ်။ လူမုန်းမှာ ထည့်တွက်ကြတယ်။ အဲ့အတွက် အသစ်တွေကို နေရာပေးလိုက်တာ အဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်။ ကျနော်တို့ စက်တင်ဘာ ဒုတိယ ပတ်လောက်မှာ Final ရွေးမှာပါ။ ကျနော် Casting မှာ မပါပါဘူး။ တခြား ဒိုင်လူကြီးတွေပဲ ရွေးမှာပါ”လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။
အဓိက ဇာတ်ဆောင်ဖြစ်တဲ့ “မြမြ” နေရာကိုတော့ အနုပညာလောကထဲကပဲ ရွေးချယ်မှာဖြစ်ပြီး ဒါရိုက်တာ ညိုမင်းလွင်က ပရိသတ် စိတ်ဝင်စားတာနဲ့ ထိုက်တန်တဲ့ ဇာတ်ကားတကား ဖြစ်မယ်လို့ ဆိုပါတယ်။
“မြမြနေရာ အတွက်ကတော့ အနုပညာလောကထဲကပဲ ရွေးချယ်ထားပါတယ်။ ဇာတ်ကား စရိုက်မယ်ဆို ကတည်းက ဝေဖန်နေကြတာပဲ။ ကျနော် စိတ်ကူးထဲကဟာတခုကို ပြန်သတ်ပစ်ဖို့လောက်ထိတော့ မရက်စက်ချင်ဘူး။ ကျနော့် စိတ်ကူးထဲ အလုပ်တခုသည် တခြားအကြောင်းကြောင့်သာ မဖြစ်တော့တာမျိုး၊ ရပ်လိုက်ရတာမျိုး ရှိရင် ရှိမယ်။ ကိုယ့်ကိုယ်ကို ပြန်သတ်တာတော့ ဘယ်တော့မှ မလုပ်ဘူး။ စိတ်ကူးထားရင်တော့ ဖြစ်အောင် လုပ်မှာ”
“အွန်လိုင်းမှာ တွေ့လိုက်ရတာကို အခြေခံပြီးတော့ ဇာတ်လမ်းကို တည်ဆောက်ထားပါတယ်။ ဇာတ်လမ်း ရေးပြီးပါပြီ။ ကျနော် ကိုယ်တိုင် ကြိုက်ပါတယ်။ ပရိသတ် စိတ်ဝင်စားတာနဲ့ ထိုက်တန်တဲ့ ဇာတ်ကား တကားဖြစ်ပါလိမ့်မယ်။ ဇာတ်ကားကို မိုးအကုန်လောက်တော့ စရိုက်မယ်”လို့ ညိုမင်းလွင်က ပြောပါတယ်။
ဒါရိုက်တာ ညိုမင်းလွင်ကတော့ ထူးခြားတဲ့ ဇာတ်လမ်း အကြောင်းအရာတွေကို ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာတဦး ဖြစ်ပါတယ်။ “မြမြ” နဲ့ ပတ်သက်ပြီးလည်း ဒါရိုက်တာ ညိုမင်းလွင်က သူ့ရဲ့ ပညာတွေကို ဘယ်လို အစွမ်းကုန် ထုတ်ပြဦးမလဲ ဆိုတာ ပရိသတ်များက စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိပါတယ်။ မကြာသေးခင်ကလည်း ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးခဲ့တဲ့ “Anada” သိပ္ပံရုပ်ရှင်ဇာတ်ကား ရုံတင်ပြသခဲ့ပါတယ်။
You may also like these stories:
“သမီးနှစ်ယောက်ကို Sex Education သင်ပေးဖို့တော့ စောသေးတယ်”လို့ ညိုမင်းလွင် ပြော
ရုံတင်ဖို့ ၄ နှစ်ကြာ စောင့်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သိပ္ပံရုပ်ရှင် “အနန္တ”
“မုဒိမ်းကျင့် အသတ်ခံရတဲ့ ဇာတ်ကားမျိုး ရိုက်ဖူးတယ်”လို့ ဒါရိုက်တာ ညိုမင်းလွင် ဆို