အဆိုတော်ကနေ သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ် တွေ့မြင်လာရတဲ့ ယုန်လေးက ငွေကြေး အခက်အခဲ ဖြစ်နေတဲ့ ဇာတ်ပို့၊ ဇာတ်ရံတွေကို သူရိုက်ကူးတဲ့ ဇာတ်ကားတွေမှာ ထည့်သွင်း ရိုက်ကူးပေးနေပါတယ်။ ဒီလို ခေါ်ပြီး ရိုက်ပေးဖြစ်တာနဲ့ ပတ်သက်ပြီး ယုန်လေးက ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“ကျနော် ဇာတ်ပို့၊ ဇာတ်ရံတွေကို အရင်တုန်းကဆို ရှိရင် ရှိသလောက် ပိုက်ဆံလေးနဲ့ လှူဖြစ်တယ်။ ကျနော်လည်း အများကြီး လှူခဲ့ဖူးပါတယ်။ ကျနော့်ကို ပရိသတ်က အသိအမှတ် ပြုပေးတဲ့အတွက် ကျနော်လည်း ရုပ်ရှင်ကို အရင်ထက် ပိုပြီး ရိုက်ဖြစ်တယ်။ အဲ့အတွက် ဇာတ်ပို့၊ ဇာတ်ရံတွေကိုလည်း ကျနော့် ဇာတ်ကားမှာ အပန်းမကြီးတာ ဖြစ်တဲ့အတွက် ရှုတင်မှာ ထည့်ရိုက်ပေးတယ်။ သူတို့ ရသင့်တဲ့ ရထိုက်တဲ့ အနုပညာကြေးထက် ကျနော်ပိုပေးတယ်”
“သူတို့ ရဲ့ ဝမ်းသာပီတိတွေကို တွေ့ရတာ ပျော်တယ်။ ဘယ်သူမဆို ဘယ်လောကသားတိုင်းမဆို ကိုယ်ရပ်တည်နေကျ အလုပ်ကိုလုပ်ပြီး ရတဲ့ ပိုက်ဆံနဲ့ ဒီတိုင်း လှူလို့ရတဲ့ ပိုက်ဆံနဲ့ မတူပါဘူး။ ကိုယ့်လုပ်အားခနဲ့ ရတဲ့ ပိုက်ဆံလေးနဲ့ သူတို့ ရတော့ ပိုပျော်ကြတာပေါ့”လို့ ယုန်လေးက ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး ယုန်လေးက အခုလို ကူညီပေးရတာနဲ့တင် ဝမ်းသာပီတိ ဖြစ်ရတယ်လို့ ဆိုပါတယ်။
“ရှုတင်မှာ မိတ်ဆွေ အချင်းချင်းတွေ ပြန်တွေ့ရတာတွေ သူတို့ ပီတိဖြစ်ကြတယ်။ အဲ့အတွက် ဇာတ်ကားမှာ ထည့်ရိုက် ပေးဖြစ်တယ်။ အဲ့ဒါလေးတွေကို ကျနော် လုပ်ပေးရတာနဲ့တင် ဝမ်းသာပီတိ ဖြစ်ရတယ်။ ကျနော် အမြဲတမ်းတော့ သူတို့တွေကို ကူညီနိုင်မှ ကူညီနိုင်မှာပေါ့။ ဒါပေမဲ့ ကူညီဖို့ အဆင်ပြေချိန်လေးမှာ ကူညီပေးတာပေါ့”လို့ ယုန်လေးက ပြောပါတယ်။
လက်ရှိ ရိုက်ကူးနေတဲ့ “မာဖီးယား စီးတီး” ရုပ်ရှင်ဇာတ်ကားမှာလည်း ဇာတ်ပို့၊ ဇာတ်ရံ တော်တော်များများ ထည့်သုံးထားတဲ့ ယုန်လေးက သူ ရိုက်ကူးမယ့် ဇာတ်ကားတိုင်းမှာ လူကြမ်းတွေအတွက် နေရာပေးဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။
“ကျနော် လှူတဲ့ထဲမှာ အမြဲတမ်း ကိုလူချောတွေအတွက် ထည့်စဉ်းစားထားတယ်။ ကျနော် ရိုက်တဲ့ ကားတွေမှာတော့ လူကြမ်းတွေအတွက် နေရာပေးဖို့ စဉ်းစားထားတယ်။ အက်ရှင်ကားရိုက်မှ မဟုတ်ဘူး။ သရုပ်ဆောင်ကောင်းသူတွေဆိုတော့ ကြိုက်တဲ့ ကာရိုက်တာမှာ သုံးလို့ရတယ်လို့ ယုံကြည်တယ်”
“ကျနော်နဲ့ ပတ်သက်သူတိုင်း ငွေကြေး အဆင်မပြေသူတိုင်းကိုတော့ ကျနော်က ကူညီနေမှာပဲ။ သရုပ်ဆောင်ကောင်းပေမယ့် အဆင်ပြေနေသူတွေ ရှိတယ်။ ကျနော်ကတော့ အဆင်မပြေသူတွေကို ပိုဦးစားပေးပြီး ခေါ်ရိုက်မယ်။ ကျနော် အခုရိုက်နေတာ မာဖီးယားစီးတီးပါ။ ဒီကားထဲမှာ ဇာတ်ပို့တွေ တော်တော်များများကိုလည်း ထည့်သုံးထားပါတယ်”လို့ ယုန်လေးက ပြောပါတယ်။
ယုန်လေးက လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေ လုပ်နေပြီး သူရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေ ရုံတင်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။ ယုန်လေး ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တဲ့ “သတိ အန္တရာယ်ရှိသည်” ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း မကြာသေးခင်က ရုံတင်ပြသခဲ့ပါတယ်။
You may also like these stories:
“သရုပ်ဆောင်လောကမှာ အလုပ်အကိုင်ရှားပါးမှုဒဏ်ကို ခံနေရတယ်”
“ဇာတ်ကားတွေ ဆင်ဆာပိတ်ခံရလည်း ရှေ့ဆက်ဦးမှာပဲ”လို့ အဆိုတော် ယုန်လေး ပြော
အက်ရှင်နဲ့ ခပ်ကြမ်းကြမ်းကားတွေ ဖန်တီးချင်တဲ့ အဆိုတော် ယုန်လေး
ဇာတ်ပို့၊ ဇာတ်ရံတွေ ရတဲ့ငွေက နည်းပါးတာကြောင့် ငွေစုဖို့ မလွယ်ကြောင်း ခင်လှိုင် ပြော